လွိုင်ကော်မြို့တွင်း လမ်းသွား လမ်းလာများအား စစ်ကောင်စီတပ်ဖွဲ့များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေ

လွိုင်ကော်မြို့တွင်း လမ်းသွား လမ်းလာများအား စစ်ကောင်စီတပ်ဖွဲ့များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေ
သြဂုတ် 15, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့တွင်း နေရာအချို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းမှစ၍ လမ်းသွားလမ်းလာများကို ရှာဖွေစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့တွင်း လူသွားလူလာများသော နောင်ယားကန် ၊ ထေးငှားလျားကန်နှင့် တောင်ဈေး လမ်းဆုံစသည့် လမ်းမကြီးများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက လက်နက်အပြည့်အစုံဖြင့် လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေခြင်းဖြစ်သည်။

အဓိက လူသွားလာများတဲ့နေရာတွေမှာ သူတို့ သေနတ်တွေကိုင်ပြီး စောင့်နေတယ်။ လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေ အကုန်တားတယ်။ ဖုန်းတွေ ယူစစ်တယ်။ အဓိက PDF တွေနဲ့ အချိတ်အဆက်ရှိလားဆိုတဲ့ သဘောပေါ့နော်။ အဲဒီလို မေးခွန်းမျိုးတွေ မေးတယ်။ အဓိက ကဖုန်းကို ယူစစ်တာပဲ။

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့ တွင်းအပြင် မြို့အဝင်အထွက် လမ်းမကြီးများတွင်လည်း တားဆီးစစ်ဆေးနေကြောင်း သိရသည်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက သြဂုတ်လအတွင်း စစ်အင်အား အဆမတန်တိုးချဲ့ မှုများ လုပ်ဆောင်လာပြီး ဒေသခံလူငယ်များအား ရှာဖွေ ဖမ်းဆီးခြင်း၊ လမ်းသွား လမ်းလာများအား တာဆီးကာ ဖုန်းများအား စစ်ဆေးခြင်းများ လုပ်ဆောင်နေရာ ဖမ်းဆီးခံရသူများလည်းရှိနေကြောင်း သိရသည်။

ကယား (ကရင်နီ)ပြည်နယ်တွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ် ၊ ဖရုဆိုမြို့ နယ်တို့တွင် ထိုးစစ်ဆင် လှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်နီတပ်မတော် (KA) နှင့် KNDF တပ်တို့က ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံများလည်း တိမ်းရှောင်နေရသည်။