မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဝမ်တိန်ဂိတ်မှ တရုတ်ကုန်ကားများ ဝင်ထွက်ခွင့်ကို ဇွန်လ (၂၂)ရက်မှစ၍ ယာယီ ရပ်ဆိုင်းမည်

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဝမ်တိန်ဂိတ်မှ တရုတ်ကုန်ကားများ ဝင်ထွက်ခွင့်ကို ဇွန်လ (၂၂)ရက်မှစ၍ ယာယီ ရပ်ဆိုင်းမည်
ဇွန် 20, 2021 | ရှမ်းမြောက်

တရုတ်နိုင်ငံတွင်း COVID 19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ  မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဝမ်တိန်ဂိတ်မှနေ၍ တရုတ်ကုန်ကားများ ဝင်ထွက်သွားလာခြင်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှစ၍ ခွင့်မပြုတော့ကြောင်း ရွှေလီဘက်မှ တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင်း COVID 19 ထိန်းချုပ်ရေးအတွက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များမှ ဝင်ထွက်သွားလာခြင်းကို တရုတ်နိုင်ငံဘက်က ကန့်သတ်မှုများလုပ်ဆောင်ထား၍ တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်တွင် ပိတ်မိနေသည့် မြန်မာကုန်တင်ယာဉ်များမှာ ဇွန်လဆန်း၌ မြန်မာဘက် ပြန်ထွက်ခွင့်ရခဲ့ပြီး မူဆယ်ဘက် ပိတ်မိနေသည့် တရုတ်ကုန်တင်ယာဉ်များကို ဇွန်လ (၆) ရက်နေ့မှစ၍ ဝမ်တိန်ဂိတ်မှ ပြန်ဝင်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ - တရုတ်ကုန်သွယ်ရေးအတွက် ကျင်စန်းကျော့ဂိတ်တစ်ခုကိုသာ အသုံးပြုခွင့်ပေးထားပြီး ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ ဝမ်တိန်ဂိတ်မှ တရုတ်နံပါတ်တပ်ယာဉ်များ ဝင်ခွင့်ပြုထားခြင်းကိုလည်း ဇွန်လ (၂၂) ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။