ကျောက်မဲမြို့တွင် ဆံပင်ညှပ်ဆိုင်၌ အလုပ် လုပ်နေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ၅၀၅-ခ ဖြင့် အမှုဖွင့်

ကျောက်မဲမြို့တွင် ဆံပင်ညှပ်ဆိုင်၌ အလုပ် လုပ်နေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ၅၀၅-ခ ဖြင့် အမှုဖွင့်
ဇွန် 3, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ဇွန်လ (၂)ရက် ညနေပိုင်းက ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဝင်ဖမ်းသွားပြီး ၅၀၅-ခ ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ စိုင်းရွှေထွန်းအား ကျောက်မဲမြို့ အမှတ် (၃)ရပ်ကွက်ရှိ ၎င်းအလုပ် လုပ်သော ဆံပင်ညှပ်ဆိုင်၌ ရှိနေစဥ် ဇွန်လ(၂)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က စစ်တပ်နှင့်ရဲတပ်ဖွဲ့က လာဖမ်းသွားခြင်းဖြစ်သည်။

မန့်နား အဆင်း ဆံပင်ညပ်ဆိုင်က ဆိုင်ထဲဝင်ပြီး ဖုန်ခေါ်လိုက်တာ ဝင်တဲ့ဖုန်းကို ဘယ်သူဖုန်းလဲဆိုပြီးမေးတာ ဆံပင်ညှပ်ဆရာက ကျွန့်တော်ဖုန်းလို့ပြောတာ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ သေနတ်တွေနဲ့ ညနေ(၃)နာရီခွဲလောက် ခေါ်သွားတာ

ဟု လာဖမ်းစဉ်က မြင်တွေ့လိုက်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့တွင် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ နောက်ပိုင်းမှ စတင်၍ နေ့စဉ်မပျက် ပြုလုပ်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်  ပါဝင်သူများကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က နေ့စဉ်လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး မေလ (၃၀)ရက်နေ့ ညနေကလည်း ထီဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးကို ဝင်ရောက်ဖမ်းဆီးပြီးနောက် နေ့ပိုင်းများပါ လိုက်လံဖမ်းဆီးမှုများ  ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖေါ်မှုတွင် ပါဝင်သူများအား ဖမ်းဆီးရာတွင် လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ (၁၂)ဦးရှိပြီဖြစ်ပြီး ယခင်ဖမ်းဆီးခဲ့သူများကို ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်၍ သီပေါအကျဉ်ထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။