နမ့်ဆန်မြို့တွင် အပြင်းစား ဗုံးပေါက်ကွဲမှုကြောင့် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် စစ်သား (၄)ဦး သေဆုံး

နမ့်ဆန်မြို့တွင် အပြင်းစား ဗုံးပေါက်ကွဲမှုကြောင့် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် စစ်သား (၄)ဦး သေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ရှိ အထက(ခွဲ)အလက(၁)အနီးတွင် ၂၀၂၁ခုနှစ် မေလ(၂၀)ရက်နေ့ညပိုင်းက ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့်  ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦး အပါအဝင် (၅)ဦး သေဆုံးကြောင်း သိရသည်။

"သေသွားတာ ဒုမြို့နယ်မှူးပါ။ အမည်တော့မသိဘူ။၊ သေတာ(၅)ဦး။ စစ်တပ်က (၄)ဦးလို့ပြောတယ်။ ရာထူးတော့မသိဘူး"ဟု နမ့်ဆန်မြို့နေ သတင်းရင်းမြစ်တစ်ဦးက မေလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက အတည်ပြုပြောသည်။

ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှင့် စစ်တပ်က ရောက်ရှိလာစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသည့် အရှိန်အလွန် ပြင်းထန်သည့် အတွက် ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်(၄/၅) အိမ်ကျော်သည်အထိ နေအိမ်မှန်များ ကွဲခဲ့သည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ 

"ပထမတစ်ခုကွဲပြီး ရဲတွေ စစ်တပ်တွေရောက်လာတယ်၊  သူတို့က အဲ့နားကို လူတွေလာကြည့်တာကို မောင်းထုတ်တယ်အမြင်မခံဘူး"ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလို ပေါက်ကွဲမှုမျိုးသည့် နမ့်ဆန်မြို့ဒေသခံများအတွက် ယခင်က မမြင်ဖူးသော အလွန်ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်သည့်အတွက် ဒေသခံများလဲ စိုးရိမ်နေရကြောင်း သိရသည်။