ကျောက်မဲမြို့တွင် စရဖ ၏ ဆိုင်ကယ် မီးထလောင်မှုနှင့် ပတ်သက်၍ သံသယရှိသူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေ

ကျောက်မဲမြို့တွင် စရဖ ၏ ဆိုင်ကယ် မီးထလောင်မှုနှင့် ပတ်သက်၍ သံသယရှိသူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် မေလ(၂)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် စရဖ၏ ဆိုင်ကယ် မီးထလောင်မှု ဖြစ်ပွားသည့် နေရာဝန်းကျင်အနီးတွင် နေထိုင်သူ အချို့ကို လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း နှင့် ဖမ်းဆီးခံရသူများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မေလ (၅)ရက် မနက် (၂)နာရီလောက်က ရပ်ကွက် (၁)၊ အုတ်ကျင်းမှာရှိတဲ့ နေအိမ်တစ်လုံးကို စစ်သားတွေက ဝင်ရှာတယ်၊ ဆနပြတဲ့ထဲမှာ အဲ့အိမ်က အမျိုးသမီးပါတယ်ဆိုပြီးရှာတာ၊ အမျိုးသမီးကိုမတွေ့တော့ အဲ့အိမ်က အမျိုးသား (၂)ဦးကို ရိုက်နှက် နှိပ်စက်ပြီး မျက်လုံးတွေအဝတ်နဲ့စည်းပြီး လမ်းမှာ ထိုင်ခိုင်းခဲ့တယ်လို့သိရတယ်။ မေလ (၅)ရက် ည (၁၁)နာရီ ဝန်းကျင်လောက်မှာကျတော့ အခြားရပ်ကွက်တွေက နေအိမ်တွေကို ဝင်ရှာတယ်၊ ပစည်းတွေ ကို မွှေနှောက်ရှုပ်ပွသွားအောင် လုပ်သွားတယ်၊ သူတို့ဝင်ရှာတဲ့အိမ်က လူတွေကိုတော့ မဖမ်းမိသွားဘူး

ဟု ကျောက်မဲတွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၆)ရက် နံနက်ပိုင်းတွင် ပြောသည်။

၂၀၂၁ခုနှစ် မေလ(၂)ရက်နေ့က ကျောက်မဲမြို့မှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် စရဖ၏ ဆိုင်ကယ် မီးထလောင်မှုနှင့် ပတ်သက်၍ ဖြစ်စဉ်အနီးရှိ နေအိမ်များတွင် နေထိုင်သူများအပါအဝင် သံသယရှိသူဟု ယူဆရသူများကို ရဲနှင့်စရဖ က လိုက်လံရှာဖွေဖမ်းဆီးပြီး ဖမ်းဆီးခံရသူများလည်းရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အချိန်တွင် ညပိုင်းလမ်းပေါ်သို့ ထွက်လာသည့် ကား/ဆိုင်ကယ်များကို တားဆီးပြီး ယာဉ်ပေါ်တွင် ပါလာသူများကို  အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များက ဆဲဆိုကြိမ်းမောင်းခြင်း။ ဖားခုန် ခုန်ခိုင်းခြင်း၊ ထိုင်ထလုပ်ခြင်းများ စေခိုင်းကြောင်း သိရသည်။

မေလ(၅)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်က ကျောက်မဲမြို့၊ မွေတော်လမ်းခွဲရပ်၊ ကျောက်တောင်ရပ်၊ နမ့်စစ်လင်းကျောင်းအနီး နှင့် ပန်ပေါင်းရပ်တို့ရှိ ဆန္ဒပြရာတွင် ပါဝင်သူများ၏ နေအိမ်များကို ရဲနှင့်စရဖ က လိုက်လံရှာဖွေစစ်ဆေးမှုများ ပြုလုပ်ချိန်တွင် ဖမ်းဆီးခံရသူများရှိနေသည်ဟု ကြားသိရသည်။