တာချီလိတ်မြို့မှ သတင်းဌာန (၂) ခုနှင့် ခရိုင်ဆေးရုံအုပ်ကြီးနေအိမ်များ အပါအဝင် အာဏာသိမ်းစစ်ကောင်စီက ဝရမ်းထုတ်ထားသူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေကာ မှတ်တမ်းယူ

တာချီလိတ်မြို့မှ သတင်းဌာန (၂) ခုနှင့် ခရိုင်ဆေးရုံအုပ်ကြီးနေအိမ်များ အပါအဝင် အာဏာသိမ်းစစ်ကောင်စီက ဝရမ်းထုတ်ထားသူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေကာ မှတ်တမ်းယူ
ဧပြီ 15, 2021 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  အာဏာသိမ်းစစ်ကောင်စီက  ပုဒ်မ- ၅၀၅ အုပ်စုဖြင့် ဝရမ်းထုတ်ထားခံရသူများ၏ နေအိမ်များ၊  တာချီလိတ်သတင်းအေဂျင်စီအပါအဝင် သတင်းဌာန (၂) ခု၏ ရုံးများနှင့် ခရိုင်ဆေးရုံအုပ်ကြီးနေအိမ်တို့ကို  ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့တွင် ရဲတပ်ဖွဲ့က ရှာဖွေမှတ်တမ်းယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ ရဲတပ်ဖွဲ့က နံနက်(၈)နာရီကျော်တွင် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်၏ နေအိမ်သို့ ရောက်လာပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူသွားပြီးနောက် ပုဒ်မ (၅၀၅) အုပ်စုဖြင့် သတင်းသမားများကို ဝရမ်းထုတ်ခံထားရသည့် တာချီလိတ်သတင်းအေဂျင်စီ၏ ရုံးဟောင်းနှင့် မဲခေါင်သတင်းဌာန၏ရုံးခန်း တည်ရှိရာနေရာများကို ရောက်ရှိလာပြီး  မှတ်တမ်းယူခြင်းများ လုပ်ဆောင်ကြသည်ဟု သိရသည်။

ယင်းအပြင် ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊  ဆန်ဆိုင်းရပ်ကွက်နှင့် ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်တို့တွင် စစ်ကောင်စီက ပုဒ်မ ၅၀၅ အုပ်စုဖြင့် ဝရမ်းထုတ်ထားသူများ၏ နေအိမ်များကို သွားရောက်ရှာဖွေ၊ မှတ်တမ်းယူခြင်းများ လုပ်ဆောင်ကြသည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က တာချီလိတ်မြို့အခြေစိုက်သတင်းဌာနများမှ သတင်းသမားများအား အခြားဒေသများမှ သတင်းသမားများနည်းတူ တရားစွဲဆို၊ ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်နေရာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီမှ ကိုဇောင်းအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် လည်းကောင်း၊ မတ်လ (၅) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီမှ ကိုဟန်စိုးထိုက်၊ မဲခေါင်သတင်းဌာနမှ  ကိုဉာဏ်လင်းထက် နှင့် SH-MediaTachileik မှ ကိုရွှေဝင်းတို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်ထားသည့်အပြင် မတ်လအတွင်းကလည်း Eastern Future News Agency မှ ကိုစိုးထွန်းနိုင်၏ နေအိမ်ကိုလည်း လာရောက်ဖမ်းဆီးသည့်အတွက် အားလုံးမှာ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ယင်းအပြင် စစ်အာဏာရှင်စနစ် လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သူများအား ရှာဖွေဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းများ လုပ်နေသည့်အပြင် CDM ပြုလုပ်နေသည့် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၏ နေအိမ်အား ရှာဖွေခြင်းကိုလည်း လုပ်ဆောင်လာသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းအဖွဲ့က တာချီလိတ်မြို့မှ ဖမ်းဆီးထားသူ (၃၀)ကျော်ရှိနေပြီဖြစ်ပြီး ဖမ်းဝရမ်းထုတ်ထားသည့် အရေအတွက်မှာလည်း ရာဂဏန်းကျော်အထိရှိနေကြောင်း သိရသည်။