နမ့်စန်မြို့တွင် ဆန္ဒပြပြည်သူကို ဖမ်းဆီးရန်စောင့်ဆိုင်းနေသည့်ရဲ သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်

နမ့်စန်မြို့တွင် ဆန္ဒပြပြည်သူကို ဖမ်းဆီးရန်စောင့်ဆိုင်းနေသည့်ရဲ သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်
မတ် 9, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နံနက်အစောပိုင်းက ဆန္ဒပြပြည်သူများအား ဖမ်းဆီးရန်စောင့်ဆိုင်းနေသည့် ရဲကားပေါ်မှ တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်သွားကြောင်း သိရသည်။

''အစောကြီးကတည်းက သူတို့ရောက်နေကြတာ။ ၉ နာရီဝန်းကျင်လောက်မှာ သေနတ်သံ တစ်ချက်ကြားလို့ ထွက်ကြည့်ကြတော့ ရှေ့ဆုံးကားပေါ်က သေနတ်ကို ပြောင်းလွယ်လိုက်ရင်း ကျည်ထွက်သွားတာ။ သူတို့ စစ်သားတွေပဲ ဝိုင်းအုံသွားပြီး အဲဒီကားတစ်စီးပဲ ချက်ချင်း မောင်းထွက်သွားတယ်။ မေးစေ့ကို ထိသွားတယ်တော့ ပြောကြပါတယ်။ အနားထိဘယ်သူမှ သွားမကြည့်ရဲကြဘူး" ''ဟု အဆိုပါ ဖြစ်စဥ်ကို မြင်ခဲ့သူမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်မတော်တဆမှုဖြစ်သည့်ကားမှာ ရဲကားဖြစ်သည်ဟု သိရသည်။ စစ်အာဏာရှင်ဆန့်ကျင်နေသူများကို အမေးအမြန်းမရှိ ဖမ်းဆီးသွားမည်ဟု တပ်နယ်အရာရှိတစ်ဦးက ယမန်နေ့က ဆန္ဒပြကျောင်းသားတစ်ဦးကို ခေါ်ပြောခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတည်းက စစ်တပ်နှင့် ရဲကားများက ဆန္ဒပြပြည်သူများ စုရပ်ဖြစ်သည့် မြို့တော်ခန်းမရှေ့တွင် နေရာယူထားခဲ့ကြခြင်းဖြစ်သည်။



Tachileik News Agency