ဖေဖော်ဝါရီလ(၄)ရက်နေ့က စ၍ တာချီလိတ်လေဆိပ်တွင် လေယာဉ်များ ပြန်လည်း ပျံသန်းပြေးဆွဲ

ဖေဖော်ဝါရီလ(၄)ရက်နေ့က စ၍ တာချီလိတ်လေဆိပ်တွင် လေယာဉ်များ ပြန်လည်း ပျံသန်းပြေးဆွဲ
ဖေဖော်ဝါရီ 4, 2021 | ရှမ်းရှေ့
By Tachileik News Agency

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ ယာယီပိတ်ထားသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ လေဆိပ်တွင် ဖေဖော်ဝါရီလ (၄) ရက်နေ့၌ ပြည်တွင်းလေကြောင်းလိုင်း (၂) ခုမှ လေကြောင်းခရီးစဉ် (၂) ခု ပျံသန်းပြေးဆွဲသည်။

Air KBZ လေကြောင်းလိုင်းသည် ရန်ကုန်- ဟဲဟိုး - မန္တလေး - တာချီလိတ် ခရီးစဉ်ဖြင့် နေ့လယ် (၁၁) နာရီ (၅၀) မိနစ်တွင် တာချီလိတ်လေဆိပ်သို့ ရောက်ရှိကာ ခရီးသည် (၃၉) ဦးကို ဝင်ရောက်လာခဲ့ပြီး တာချီလိတ်မှ ခရီးသည် (၄၁) ဦးကို တင်ဆောင်ကာ နေ့လယ် (၁၂) နာရီ (၂၅) မိနစ်တွင် တာချီလိတ် - မန္တလေး - ဟဲဟိုး - ရန်ကုန်ခရီးစဉ်ကို ပျံသန်းသွားခဲ့သည်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်းသည်  ရန်ကုန်-ဟဲဟိုး-လားရှိုး-တာချီလိတ် ခရီးစဉ်ဖြင့် နေ့လယ် (၁) နာရီခွဲ၌ ခရီးသည် (၂၄) ဦးဖြင့် တာချီလိတ်လေဆိပ်သို့ ရောက်ရှိလာပြီး နေ့လယ် (၂) နာရီအချိန်တွင် ခရီးသည် (၂၆) ဦးဖြင့် တာချီလိတ်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်ကို ပျံသန်းသွားခြင်းဖြစ်သည်။

တာချီလိတ်လေဆိပ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် COVID-19 စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းလိုက်သဖြင့် လေဆိပ်ကို ပြန်လည်ပိတ်ပင်ထားခဲ့ရကာ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်သည်။

Tachileik News Agency