တာချီလိတ်မြို့နယ်တွင်း အမျိုးသမီးအများစု ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခံရန် စိတ်ဝင်စား

တာချီလိတ်မြို့နယ်တွင်း အမျိုးသမီးအများစု ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခံရန် စိတ်ဝင်စား
ဇန်နဝါရီ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်တွင် ပြန်လည်ရွေးချယ်မည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် စုံစမ်းမေးမြန်းသည့် အမျိုးသမီးဦးရေ များလာသည်ဟု သိရသည်။

ကျွန်တော်တို့ ဟောပြောပွဲတွေသွားတဲ့အခါမှာ အမျိုးသမီးတွေက ရပ်/ကျေးအုပ်ချုပ်ရေးမှူး လုပ်လို့ရလားလို့ မေးလာတယ်။ လုပ်လို့ရပါတယ်လို့ ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူက မဲပေးလို့ရှိရင် အုပ်ချုပ်ရေးမှူး လုပ်ခွင့်ရပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ကျင်းပမည်ဖြစ်ရာတွင် အသစ်ပြဌာန်းထားသည့် ရပ်/ကျေးဥက္ကဌ ရွေးချယ်ခြင်းဆိုင်ရာနည်းဥပဒေသစ်အကြောင်းကို အများပြည်သူသို့ ကွင်းဆင်း၍ ပညာပေးဟောပြောရာတွင် အမျိုးသမီးအများစုက အုပ်ချုပ်ရေးမှူး အရွေးချယ်ခံပိုင်ခွင့်ကို စိတ်ဝင်စားမှုမြင့်သည်ကို တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေသစ်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံမည့် အမျိုးသား၊ အမျိုးသမီးသည် လက်နက်ကိုင်အဖွဲ့အစည်း၊ မတရားအသင်းအဖွဲ့များတွင် ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်သည့် အသက် (၂၅)နှစ်ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသည့် နိုင်ငံသားဖြစ်သူ၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာတွင် တစ်ဆက်တည်း (၅)နှစ်နေထိုင်သူ၊ ခြွင်းချက်အနေဖြင့် ဒေသခံအငြိမ်းစားဝန်ထမ်းဖြစ်ပါက တစ်ဆက်တည်း (၂)နှစ်နေထိုင်သူ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

လက်ရှိအချိန်ထိ တာချီလိတ်မြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသားများသာ အစဉ်အဆက် အရွေးချယ်ခံခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။