ရသေ့တောင်မြို့မှ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၅၀၀ ကျော်  AA ထံအလံဖြူထောင် လက်နက်ချ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်(၅၀၀)ကျော် အလံဖြူထောင်ကာ လက်နက်ချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်တော် AAက နှစ်ပတ်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ (၁၇)ရက်နေ့ ညနေပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း AAက ထုတ်ပြန်ထားသည်။ 

"ရသေ့တောင်မြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင်ပြီး တပ်ရင်းလိုက်လက်နက်ချတာ။ ခမရ(၅၃၆၊ ၅၃၇၊ ၅၃၈)က စစ်ကောင်စီတပ်သားတွေ၊ ကလေး၊ လူကြီးအပါ (၅၀၀)ကျော်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်နက်ချအညံ့မခံဘဲ တပ်စခန်းများမှ ကိုယ်လွတ်ရုန်းထွက်‌ပြေးသည့် စစ်ကောင်စီတပ်သား (၂၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်းများနှင့် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းထားသည့် မွတ်တလင်တပ်သားအလောင်းများ၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

လက်ရှိ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့်မြို့များမှာ မြောက်ဦ၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ဖြစ်သည်။

#TachileikNewsAgency

Video: Ko Maung Chay