တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းခွင်ထဲကနေ ဖမ်းခံထားရသူများအနက် မြန်မာလူငယ် (၄၅၀)ကျော် ပြန်မလွတ်သေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ဖမ်းဆီးခံထားရတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းခွင်ထဲက   မြန်မာလူငယ်တွေကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းအချိန်အထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ်အနောက်ဘက်က အွန်လိုင်းလောင်းကစားနေရာကို တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအမိန့်နဲ့ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာဖြစ်လို့ တာချီလိတ်ရဲတပ်ဖွဲ့က နောက်ကျမှ သိရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဖမ်းဆီးမှုအတွင်းမှာ တရုတ်နိုင်ငံသား(၂)ဦးဝန်းကျင် ထိုင်းနိုင်ငံသား(၁၄၀)ကျော် နဲ့ မြန်မာနိုင်ငံသား(၄၅၀)ဝန်းကျင်  စုစုပေါင်း(၆၀၀)ဝန်းကျင် ပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်က ဝင်ရောက်ဖမ်းဆီးချိန်တုန်းက တရုတ်နဲ့ထိုင်းနိုင်ငံသားတွေကိုပဲ ဖမ်းမှာဖြစ်ပြီး မြန်မာလူငယ်တွေကို မဖမ်းဘူး ပြန်လွတ်ပေးမယ်လို့ ပြောပေမဲ့လည်း ညနေပိုင်းအချိန်အထိ ပြန်မလွတ်ပေးတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ မြန်မာလူငယ်တွေကို အချုပ်ကားနဲ့ခေါ်သွားပြီး ဆေခမ်းရပ်ကွက်အတွင်း ရောင်နီဦးအနီးမှာရှိတဲ့  တစ်ချိန်က "ဝ"ကွင်းလို့ခေါ်တဲ့ အဆောက်အဦးမှာ စုပြုံထားတယ်လို့ သိရပါတယ်။

အဲ့ဒီအဆောက်အဦးမှာတော့ ညနေပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ သွားကြည့်နေတာကို တွေ့ရပြီး အဲ့ဒီ အဆောက်အဦးမှာ တာချီလိတ်တပ်နယ်ထဲက စောင့်ကြပ်နေပါတယ်။

အဲ့ဒီလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းမှုအတွင်း မီးခံသေတ္တာတွေနဲ့ ကွန်ပျူတာတွေ သိမ်းဆည်းရရှိသလို အဲ့ဒီမှာ အလုပ် လုပ်နေတဲ့ လူငယ်တွေရဲ့ ဖုန်းတွေနဲ့ဆိုင်ကယ်အပါအဝင်ကားတွေကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

News: https://www.tachileik.net/mm/news/35170

#TachileikNewsAgency

Ko Zaung is the editor-in-chief of Tachileik News Agency.