ရွှေဘိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အရပ်သားလူငယ်နှစ်ဦးကို သတ်သွား

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ချီပါကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာအတွင်းတပ်စွဲကာ ဒေသခံအရပ်သားလူငယ်(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း Myanmar Defense Force – Shweboတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၀)ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ရွှေဘိုအောင်မြေဘုရားမှ ချီပါကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား(၇၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ချီပါကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာရာ ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ချီပါရွာအတွင်းရှိ အရပ်သားများကိုဖမ်းဆီးထားကာ တစ်ရက်ကြာတပ်စွဲ၍ ရွာအတွင်းနေအိမ်များကို မွှေနှောက်ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဩဂုတ်လ (၂၁)ရက်နေ့တွင် ချီပါရွာသို့ ထပ်မံလာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား(၂၀)ကျော်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ၍ နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ချီပါကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ရွာအတွင်း ဖမ်းဆီးထားသည့် အရပ်သားလူငယ်(၂)ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ထားခဲ့ပြီး ကျန်ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးခဲ့ကာ ယနေ့ ဩဂုတ်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့အတွင်းသို့ ထွက်ခွာသွားကြောင်း သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို MDF- Shwebo(ရွှေဘိုခရိုင်တပ်ရင်း ၂၆ )၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ကျားရိုင်း (LPDF)၊ ရန်ကြီးအောင်၊ သိင်္ဃအောင်၊ အောင်ဇေယျ၊ Shwebo Danger Army(S.B.D.A)နှင့် တိုက်နယ်(၅)ပကဖ မဟာမိတ်ညီနောင်များက ပူ‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Video : Myanmar Defense Force-Shwebo