ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်များ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းချင်းရွာပျူးစောထီးစခန်းမှ ဆိပ်ခွန်ကျေးရွာသို့ ထွက်လာသော အင်အား(၅၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင်လ (၂၉)ရက်နေ့က ဆိပ်ခွန်‌ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားတချို့က တိုက်အမြင့်များပေါ်မှနေရာယူ၍ ကျန်‌စစ်ကောင်စီတပ်သားများက စက်လက်များ၊ (၆၀)မမများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်စဉ် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MDF ShweBo က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ရှေ့သို့မဆက်နိုင်ဘဲ ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် လမ်းဆုံ၌ ဘန်ကာဆောက်လုပ်ပြီး စက်လက်၊ (၆၀)မမ၊ RPGများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ထပ်မံစစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ် ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သားများသည် (၆)ရက်ကြာ ရှေ့သို့စစ်ကြောင်း မထွက်နိုင်ဘဲရှိပြီးနောက် ဩဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် လာရာလမ်းအတိုင်း ထွက်ခွာသွားကြစဉ် ဒေသကာကွယ်ရေးတပ်များက လိုက်လံပစ်ခတ်ခဲ့ကြရာ မြင်းချင်းရွာ ပျူစောထီးစခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

တိုက်ပွဲများအတွင် ဒေသကာကွယ်ရေးတပ်များဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တိုက်ခိုက်မှုများကို  MDF-Shwebo၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 96 Soldiers-PDF၊ ရောင်နီ-LPDF၊ ရွှေမင်းသား၊ ရွှေဂျိုးဖြူ၊ တောကျီးကန်း၊ ရန်ကြီးအောင်၊ သိင်္ဃအောင်၊ Burma Liberation Democratic Front (BLDF-တပ်ခွဲ ၄)-Special Regional Attack Force Monywa၊ Burmese Guerrilla Force-Myingyan၊ မုံရွာမြို့နယ်ပလဖ-Guardian Forceနှင့် တိုက်နယ်(၂) ပကဖတပ်‌ပေါင်းစုနှင့် ဒီပဲယင်း မဟာမိတ်ညီနောင်များက ပူ‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Myanmar Defense Force - Shwebo