မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရန်ကုန် COVID စင်တာတွင် ကူညီရန် သွားရောက်

မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရန်ကုန် COVID စင်တာတွင် ကူညီရန် သွားရောက်
နိုဝင်ဘာ 10, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရန်ကုန် COVID လှိုင်စင်တာတွင် ကူညီရန် သွားရောက်
မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၉)ဦးသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့က ရန်ကုန်မြို့ရှိ COVID လှိုင်စင်တာ၌ ကူညီပေးရန် ရောက်ရှိသွားပြီဖြစ်သည်။
အဆိုပါ ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၉)ဦးတို့သည် မကွေးမြို့မှ နိုဝင်ဘာ(၈)ရက်နေ့ညတွင် မကွေးမြို့မှ စတင်ထွက်ခွာ၍ နိုဝင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိကြခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကာ ကိုဗစ် လှိုင်စင်တာ၌ ရှိနေကြသည့် မွန်ပြည်နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များထံမှ တာဝန်ကို လွဲှပြောင်းရယူ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များဟာ တပ်ဖွဲ့အသွင်သဏ္ဍန်ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် စည်းကမ်းရှိမှု အမိန့်နာခံမှုရှိဖို့ မှာကြားထားပြီးဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်ပီသစွာပဲ ပေးအပ်တဲ့တာဝန်ကို ကျေပြွန်စွာထမ်း ဆောင်ပြီးတော့ မကွေးတိုင်းဂုဏ်ကို ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တိုင်းဒေသကြီးတပ်ဖွဲ့မှူး  ဦးကျော်မြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်တွင် တစ်လကြာ တာဝန်ထမ်းဆောင်ကြမည့် မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင် အမျိုးသား (၃၁)ဦး၊ အမျိုးသမီး (၈)ဦးတို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် ကျပ် (၂)သိန်းစီ ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်းသိရပြီး အဆိုပါချီးမြှင့်ထောက်ပံ့ငွေအား ဒီဇင်ဘာ(၆)ရက်နေ့တွင် မကွေးတိုင်းသို့ ပြန်လည်ရောက်ရှိ၍ Q ဝင်ပြီး မိမိတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်သည့်အချိန်တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းကိုယ်စားပြုပြီး ကိုဗစ် ရောဂါတိုက်ဖျက်ရေးအတွက် တစ် ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ ကြက်ခြေနီလုပ်သက်အနှစ် (၃၀) ရှိပါပြီ။ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ နာဂစ်တို့ စစ်ဘေးရှောင်တို့မှာ သွားရောက်ကူညီပေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ အန္တရာယ်ကိုအမှုမထားကြဘဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကိုယ်ရောစိတ်ပါနှစ်ပြီး လုပ်ကိုင်သွားကြမှာပါ”ဟု ဗော်လံတီယာ ကြက်ခြေနီတပ်ဖွဲ့ဦးဆောင် ရေနံချောင်းမြို့နယ်ကြက်ခြေနီတပ်ရင်းက မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိန်မြက ပြောသည်။
ရန်ကုန်တိုင်းတွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားလျှက်ရှိနေသေးသဖြင့် တိုင်းနှင့်ပြည်နယ်အသီး သီးရှိ ပြည်နယ်/တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ (၁၇)ခုတို့က အလှည့်ကျသွားရောက်တာဝန် ထမ်းဆောင်လျှက်ရှိနေခြင်းဖြစ်ရာ မကွေးတိုင်း က စတုတ္ထမြောက်အဖွဲ့အဖြစ် သွားရောက်ခြင်းဖြစ် ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~