ရွှေမျောလုပ်ကွက်များမှ ငွေကြေးရယူခဲ့သည့် ဌာန (၄)ခုမှ ဝန်ထမ်း (၅)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ရွှေမျောလုပ်ကွက်များမှ ငွေကြေးရယူခဲ့သည့် ဌာန (၄)ခုမှ ဝန်ထမ်း (၅)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
သြဂုတ် 22, 2020
By Tachileik News Agency
ရွှေမျောလုပ်ကွက်များမှ ငွေကြေးရယူခဲ့သည့် ဌာန (၄)ခုမှ ဝန်ထမ်း (၅)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေမျောလုပ်ကွက်မှ ငွေကြေးရယူခဲ့သည့် သတ္တုတွင်းဦးစီးဌာန ဝန်ထမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း၊  ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် မြေတိုင်းတစ်ဦးတို့ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့က ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းများသည် ရွှေမျောလုပ်ကွက်များထံမှ ငွေကြေးရယူ၍ အဂတိလိုက်စားနေကြောင်း တိုင်ကြားလာသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဖွဲ့စည်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်အရ သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်သည် ရွှေမျောလုပ်ကွက်များ လျှောက်ထားသည့် ကုမ္ပဏီထံမှ ငွေကျပ် သိန်း(၄၀)ကို လည်းကောင်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်သည် ရွှေမျောလုပ်ကိုင်သည့် ကုမ္ပဏီထံမှ ငွေကျပ်(၂၀၃)သိန်းကို လည်းကောင်း၊ ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)သည် မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွှေမျောမောင်းသူ (၃)ဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ငွေကျပ် သိန်း(၅၀)တို့ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းအပြင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်သည် အသေးစား ရွှေမျောလုပ်ကွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ  ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင် ထံမှ ငွေကျပ် (၃၅၀,၀၀၀) ကို လက်ခံရယူခဲ့ပြီး အမှုတွဲထိန်း တာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ခံတင်ပြရန်အတွက် ဒေါ်ရှုရှုယဉ်ထံ ငွေကျပ် (၃၅၀,၀၀၀) ပေးခဲ့ခြင်းဖြင့် ဒေါ်ရှုရှုယဉ်မှ အဂတိလိုက်စားမှု ကျူးလွန်ရန် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးအောင်နိုင်၊ ဦးလင်းထင်နှင့် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်ရှုရှုယဉ် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရလည်းကောင်း၊ ဦးစိုးမိုးအောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတို့တွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~