Covid-19 ကြောင့် အပိုင်းခွဲ၍ ဖွင့်လှစ်နေရသည့် ကျောက်မဲမြို့၏ ဗဟိုဈေးအား သတ်မှတ်ချက်များနှင့်အညီ ရာနှုန်းပြည့် ဖွင့်နိုင်ရန် တင်ပြထား

Covid-19 ကြောင့် အပိုင်းခွဲ၍ ဖွင့်လှစ်နေရသည့် ကျောက်မဲမြို့၏ ဗဟိုဈေးအား သတ်မှတ်ချက်များနှင့်အညီ ရာနှုန်းပြည့် ဖွင့်နိုင်ရန် တင်ပြထား
သြဂုတ် 19, 2020
By Tachileik News Agency
Covid-19 ကြောင့် အပိုင်းခွဲ၍ ဖွင့်လှစ်နေရသည့် ကျောက်မဲမြို့၏ ဗဟိုဈေးအား သတ်မှတ်ချက်များနှင့်အညီ ရာနှုန်းပြည့် ဖွင့်နိုင်ရန် တင်ပြထား
ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲမြို့၏ ဗဟိုဈေးအား Covid-19 ကြောင့် တစ်ရက်စီ အပိုင်းခြား၍ ဖွင့်လှစ်ခဲ့ရာမှ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပြီး ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်  အဆင့်ဆင့်သို့ တင်ပြထားကြောင်း သိရသည်။
ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး စျေးတောင်ဘက်နှင့်မြောက်ဘက်ခွဲ၍ တစ်ရက်စီဖွင့်လှစ်စေခဲ့သော ကျောက်မဲမြို့ရှိ ဗဟိုစျေးအား Covid-19 ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံများထည့်သွင်းကာ အပြည့်အဝပြန်ဖွင့်လှစ်ပေးနိုင်ရန် အတွက် တာဝန်ရှိအဖွဲ့များ ဆွေးနွေးပြီး အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း သိရသည်။
"စျေးနဲ့သက်ဆိုင်တဲ့ ဌာနတွေ၊ တာဝန်ရှိသူတွေ အပါအဝင် မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ်ရေးကော်မတီရော စျေးသူ စျေးသားတွေရော ပါဝင်ပြီး အစည်းအဝေး လုပ်ထားပါတယ်။ ဗဟိုစျေးကို ရာနှုန်းပြည့် ပြန်ဖွင့် ခွင့်ရရှိဖို့ သက်ဆိုင်တဲ့ အထက်အဆင့်ဆင့်ကို တင်ပြထားပါတယ်၊ ခွင့်ပြုပြီ ဆိုတာနဲ့ ပြန်ဖွင့်ပေးနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေကို ထည့်သွင်းဖို့ကိုလဲ တိုင်ပင်ထားပြီး ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid-19 ကူးစက်ရောဂါ စတင် ဖြစ်ပွားခဲ့ပြီးနောက် မတ်လ (၂၉)ရက်နေ့ကစ၍ ကျောက်မဲမြို့ရှိ ညစျေးအား လုံးဝပိတ်ထားခဲ့ပြီး ဇူလိုင်လ (၁)ရက်နေ့က စတင်ကာ ကျောက်မဲ ဗဟိုစျေးကို စျေးအလယ်မှ တောင်ဘက်အခြမ်းနှင့် မြောက်ဘက်အခြမ်းခွဲကာ ပြက္ခဒိန် စုံဂဏန်း ရက်နှင့် မဂဏန်း ရက်ခွဲပြီး တစ်လှည့်စီ ဖွင့်လှစ် စေခဲ့ခြင်း ဖြစ်သည်။
ဗဟိုစျေးအား ရာနှုန်းပြည့် ပြန်ဖွင့်ခွင့်ရရှိပါက Social Distance စနစ်အသုံးပြုရန်၊ စျေးသည်များနှင့် စျေးဝယ်သူများ Mask တပ်ရန်၊ စျေးဆိုင်တိုင်း Hand Gel ထားရှိရန် သတ်မှတ်ထားပြီး မလိုက်နာပါက အရေးယူဆောင်ရွက်မည်ဟု သိရသည်။
ကာလကြာမြင့်စွာ ပိတ်ထားခဲ့သည့် ညစျေးတန်းအတွက်လည်း Covid-19 ကာကွယ်ရေး အစီအစဥ်များ ပါဝင်သည့် ယာယီ ညစျေးတန်း ထားရှိပေးရန် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် Covid ရောဂါ ကာကွယ်ရေးကော်မတီ နှင့် မြို့မိမြို့ဖတို့ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~