ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်တာများတွင် ငွေကြေးတောင်းခံပါက နစ်နာသူကိုယ်တိုင် အထောက်အထားဖြင့် လာရောက်တိုင်ကြားရန် မြို့နယ်အုပ်ချုပ်ရေးမှူးဆို

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်တာများတွင် ငွေကြေးတောင်းခံပါက နစ်နာသူကိုယ်တိုင် အထောက်အထားဖြင့် လာရောက်တိုင်ကြားရန် မြို့နယ်အုပ်ချုပ်ရေးမှူးဆို
ဇူလိုင် 7, 2020
By Tachileik News Agency
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်တာများတွင် ငွေကြေးတောင်းခံပါက နစ်နာသူကိုယ်တိုင် အထောက်အထားဖြင့် လာရောက်တိုင်ကြားရန် မြို့နယ်အုပ်ချုပ်ရေးမှူးဆို

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လုပ်ဆောင်ပေးရမည့် လုပ်ငန်းဆောင်တာများအတွက် ငွေကြေးရယူလုပ်ဆောင်ပါက နစ်နာသူကိုယ်တိုင် အထောက်အထားဖြင့် လာရောက်တိုင်ကြားကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဓိက နစ်နာတဲ့သူက သက်သေ အထောက်အထား စုံစုံလင်လင်နဲ့ ကျွန်တော့်ဆီကို လာပြီးတင်ပြပေါ့။ အဲဒီလို တင်ပြလာမှ ကျွန်တော်တို့က စုံစမ်းစစ်ဆေးပြီးတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်မှာပါ

ဟု နောင်ချိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့က ပြောသည်။

နောင်ချိုမြို့နယ်ရှိ အချို့ ရပ်ကွက်၊ ကျေးရွာများတွင် ထောက်ခံစာရယူခြင်း၊ အသိသက်သေ လက်မှတ်ထိုးခြင်းစသည့် ဆောင်ရွက်ချက်များအတွက်  ငွေကြေးတောင်းခံမှုရှိနေသည်ဟု ဒေသခံအချို့က ဆိုသည်။

တရားဝင် ကွာရှင်းစာချုပ် ချုပ်မယ်ဆိုပြီး ရပ်ကွက်ရုံးမှာ အသိသက်သေတွေနဲ့ စာချုပ်ချုပ်ပါတယ်။ ကာယကံရှင်တွေနဲ့ သက်သေတွေအကုန် လက်မှတ်ထိုးပြီးတဲ့အချိန်မှ စာချုပ်တွေကို အုပ်ချုပ်ရေးမှူးက ယူထားတယ်။ ကွာရှင်းတဲ့ (၂) ယောက်က တစ်ယောက်ကို ကျပ် (၂၀,၀၀၀) ပေးမှ စာချုပ်ကို ပေးမယ်ဆိုပြီး ငွေတောင်းတယ်

ဟု ဇူလိုင်လ (၄) ရက်နေ့က နားရှိုးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွာရှင်းစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် အမျိုးသားက ပြောသည်။

ကွာရှင်းစာချုပ် ချုပ်စဉ် တောင်းဆိုသည့် ငွေကျပ် (၄၀,၀၀၀) မှာ ကျေးရွာစာသင်ကျောင်းသမံတလင်းခင်းရန်အတွက်ဖြစ်သည်ဟု နားရှိုးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက ပြောကြားကြောင်း အဆိုပါ အမျိုးသားကပြောသည်။

အလားတူ အချို့ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အကျင့်စာရိတ္တကောင်းမွန်ကြောင်း အပါအဝင် ထောက်ခံစာ ရယူပါက ထောက်ခံစာ တစ်စောင်လျှင် ငွေကျပ် (၂,၀၀၀) မှ (၅,၀၀၀)အထိ ပေးဆောင်ရမှု အချို့ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~