ကျောက်မဲတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် ဦးဆောင်သူ (၃)ဦးကို အရေးယူမည်

ကျောက်မဲတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် ဦးဆောင်သူ (၃)ဦးကို အရေးယူမည်
ဇူလိုင် 10, 2020
By 🌸
ကျောက်မဲတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် ဦးဆောင်သူ (၃)ဦးကို အရေးယူမည်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တိုက်ပွဲကာလအတွင်း တပ်မတော်မှ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရမှုဖြစ်ပွားသည်ဟုဆိုကာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖေါ်မှုမှ ဦးဆောင်သူ (၃)ဦးမှာ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

 “ဒီကာလမှာက လူစုလူဝေးမလုပ်ဖို့ရာ ညွှန်ကြားထားပြီးဖြစ်တဲ့အတွက် ခွင့်ပြုချက်မရပါဘူး။ သူတို့ကို ဆန္ဒပြဖို့ ခွင့်ပြုချက်လည်း မပေးထားပါဘူး။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြကြတာကိုအရေးယူဖို့ရှိမလားဆိုရင် အဲဒီကိစ္စကို ဥပဒေအကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမှာပါ။ သူတို့က ဆန္ဒထုတ်ဖေါ်ဖို့ စာတော့တင်တယ်။ ဒါပေမဲ့ ခွင့်ပြုလို့ရတဲ့ကာလမဟုတ်လို့ ခွင့်ပြုချက် မပေးထားပါဘူး ”

ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ (လားရှိုး) မှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဟဲကွီကျေးရွာနှင့် ပန်ကျန်ကျေးရွာအနီး ဇွန်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သား အမျိုးသား (၁)ဦး သေဆုံးကာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရခဲ့ခြင်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်ခွင့်ပြုရန် တင်ပြထားသော်လည်း COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးပြုလုပ်ခြင်းကို ကန့်သတ်ထားသည့် ကာလဖြစ်၍ သက်ဆိုင်ရာက ခွင့်ပြုချက်ပေးမထားကြောင်း သိရသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်သူများဖြစ်သည့် ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနှင့် ဦးအာလိယျတို့အား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့ဖြင့် သက်ဆိုင်ရာဌာနများမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖေါ်မှုတွင် လူစုလူဝေးမဖြစ်စေရန်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က လုံခြုံရေးရယူပေးခြင်း၊ ငြိမ်းချမ်းစွာ လူစုခွဲပေးရန် တောင်းဆိုညှိနှိုင်းပေးခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်လမ်းကြောင်း ရှင်းလင်းပေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဝင်ရောက်ညှိနှိုင်းပေးခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ဆန္ဒပြသူများကို တားဆီး၍မရသဖြင့် အတားအဆီးများကို ဖယ်ရှားပေးပြီး ကျောက်မဲမြို့တွင်း ဝင်ခွင့်ပေးခဲ့သည်ကို တွေ့ရသည်။

ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စုအတွင်း ဇွန်လ (၂၇) ရက်နေ့နှင့် (၂၈) ရက်နေ့များက တပ်မတော်နှင့် RCSS/ SSA တို့ကြား တပ်မတော်က အရပ်သားအား အနီးကပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု၊ ဒဏ်ရာရမှုများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်တို့က လူ့အခွင့်အရေးကော်မရှင်ထံ မေတ္တာရပ်ခံစာတစ်စောင်ကိုလည်း  ပေးပို့ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓာတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~