တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ထိုင်းသစ်သီးများ တင်ပို့ခွင့် ပြန်လည်ကန့်သတ်မည်ဟု ဆွေးနွေးပြီးနောက် မြန်မာသစ်သီးများ တင်ပို့ခွင့် ပြန်လည်ရရှိ

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ထိုင်းသစ်သီးများ တင်ပို့ခွင့် ပြန်လည်ကန့်သတ်မည်ဟု ဆွေးနွေးပြီးနောက် မြန်မာသစ်သီးများ တင်ပို့ခွင့် ပြန်လည်ရရှိ
ဇန်နဝါရီ 16, 2020
By Tachileik News Agency

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ထိုင်းသစ်သီးများ တင်ပို့ခွင့် ပြန်လည်ကန့်သတ်မည်ဟု ဆွေးနွေးပြီးနောက် မြန်မာသစ်သီးများ တင်ပို့ခွင့် ပြန်လည်ရရှိ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှ လိမ္မော်သီးတင်ပို့ခြင်းအား ထိုင်း FDA က လက်မခံပါက တာချီလိတ်ဘက်သို့ ထိုင်းနိုင်ငံမှ သစ်သီးတင်ပို့နေခြင်းအား ပိတ်ပင်မည်ဟု မြန်မာဘက်မှ တာဝန်ရှိသူများက သွားရောက် ညှိနှိုင်းပြီးနောက် ထိုင်းနိုင်ငံဘက်သို့ လိမ္မော်သီးတင်ပို့ခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

"ဆွေးနွေးပြီး နောက်ရက်ကစပြီး ဒီဘက်က ကားတွေသွားတော့ အကြမ်းဖျင်း (၁၃) စီးလောက်ရှိပြီ။ တစ်ရက်ပျမ်းမျှ (၂) စီး၊ (၃) စီးသွားတယ်။ ထိုင်း FDA က ကန့်ကွက်တာတွေ တားတာ၊ ဆီးတာတွေ မရှိတော့ဘူး။ သူတို့ဆီက ဘာမှမပြောတော့ဘူး"

ဟု တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့က ပြောသည်။

တာချီလိတ်ဘက်မှနေ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် လိမ္မော်သီးများ တင်ပို့ခြင်းအတွက် ထိုင်း FDA သို့ လိုအပ်သည့် အထောက်အထားများ တင်ပြခဲ့သော်လည်း ခွင့်ပြုခြင်းမရှိသည့် အပြင် လိမ္မော်သီးများကို စစ်ဆေးကာ လက်ခံနိုင်သည့် အရည်အသွေးမရှိပါက မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလဆန်းက ထိုင်းနိုင်ငံဘက်မှ အသိပေးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လိမ္မော်သီးများ တင်ပို့ခွင့်အတွက် တာချီလိတ်ဘက်မှ သက်ဆိုင်ရာဌာနများ၏ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့က ထိုင်း FDA ကို ဇန်နဝါရီလ (၆)ရက်နေ့၌ တွေ့ဆုံခဲ့ရာတွင် ထိုင်းဘက်က လက်ခံခြင်းမရှိ၍ မြန်မာ့သစ်သီးတင်ပို့မှုကို ကန့်သတ်ပါက မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တင်သွင်းနေသည့် ထိုင်းသစ်သီးများကို တင်ပို့ခွင့်ကန့်သတ်မည်ဟု ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာဘက် တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းပြီးနောက် ဇန်နဝါရီလ (၈)ရက်နေ့တွင် တာချီလိတ်မှ လိမ္မော်သီးများ ထိုင်းဘက်သို့ ပြန်လည်တင်ပို့ခွင့်ရသွားပြီး ဇန်နဝါရီလ (၁၅)ရက်နေ့အထိ လိမ္မော်သီးတင်ပို့သည့်ယာဉ် (၁၃)စီး တင်ပို့ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~