ရှမ်းပြည်(တောင်ပိုင်းတွင်) Quarantine ထားသူများထဲက (၆)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်(တောင်ပိုင်းတွင်) Quarantine ထားသူများထဲက (၆)ဦးတွင် Covid-19 ပိုးတွေ့
အောက်တိုဘာ 28, 2020
By Tachileik News Agency
ရှမ်းပြည်(တောင်ပိုင်းတွင်) Quarantine ထားသူများထဲက (၆)ဦးတွင် Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော၊ ရွာငံ၊ ဆီဆိုင်၊ အေးသာယာနှင့် ရပ်စောက်တို့တွင် အသွားအလာကန့်သတ်ထားသူ (၆) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အတည်ပြုလူနာတွေ့ရှိမှု (၈၈)ဦးအထိ တိုးလာပြီဖြစ်သည်။
ယနေ့ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများတွင် ကလောမြို့မှ (၂)ဦးသည် ရန်ကုန်ကပြန်လာသည်နှင့် quarantine ဝင်ထားသူများဖြစ်၍ ပြင်ပတွင် ထိတွေ့သူမရှိကြောင်း သိရသည်။
"ကလောက (၂) ယောက်မှာ (၁၈) နှစ်အမျိုးသားတစ်ယောက်က သူကရန်ကုန်မှာ သူနာပြုအကူသင်တန်းသွားတက်တာပေါ့။ သွားတက်ပြီးပြန်လာတော့ Quarantine တန်းဝင်တာပေါ့။ သူနဲ့အတူတူပြန်လာတာက (၄) ယောက်ပါတယ်။ (၂) ယောက်က ယင်းတယမှာ၊ (၂) ယောက်ကလွိုင်လင်မှာ။ ပင်းတယ (၂) ယောက်ကတော့စစ်ပြီးပြီ။  ဒီနေ့ပိုးမတွေ့ဘူးပေါ့။ လွိုင်လင် (၂) ယောက်က မနက်ဖြန်စစ်မယ့် အထဲပါမှာပေါ့။ ကလောကပဲ (၃၈) နှစ်အမျိုးသမီး (၁) ယောက်။ သူကရန်ကုန်စက်မှုဇုန်မှာ အလုပ်လုပ်တာ။ ပြန်လာတာက သူ့အမျိုးသားရယ်၊ သူ့တူရယ်၊ အခြားအမျိုးသားရယ် (၄) ယောက်အတူတူပြန်လာတာ။ သူက Positive ပေါ့။ ကျန်တဲ့ (၃) ယောက်ကပိုးမတွေ့ဘူး။ ရောက်တာနဲ့ Quarantine တန်းဝင်တော့ ထိတွေ့သူ မရှိဘူးပေါ့။ "ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွာငံမှ ထပ်တိုးအတည်ပြုလူနာမှာ ပထမအကြိမ်စစ်ဆေးမှုတွင် negative အဖြေရထားသည့် ယာဉ်နောက်လိုက်တစ်ဦးဖြစ်ပြီး ဆီဆိုင်မှ ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာမှာ ယခင်အတည်ပြုလူနာဖြစ်သွားသည့် ဘုန်းတော်ကြီးနှင့် ထိတွေ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
"ရွာငံက (၁) ယောက်က (၂၅) နှစ်အမျိုးသား။ သူက ပထမတစ်ခေါက်က RTD စစ်ပြီးသား။ ယာဉ်နောက်လိုက်ပေါ့။ ဒါပေမဲ့ သူနဲ့အတူတူပါတဲ့သူက Positive ဖြစ်လို့ အခုတစ်ခေါက် ထပ်စစ်လိုက်တော့ Positive ပြန်ဖြစ်နေတာပေါ့။ သူကမြစ်သားကလာတယ်။ ဂိတ်မှာပဲတွေ့တယ်ဆိုတော့ ဒီဘက်မှာ ထိတွေ့ မရှိဘူး။ မြို့ကြီးတိုက်နယ်မှာ Quarantine ထပ်ထားတာပေါ့။ နောက်တစ်ခုက ဆီဆိုင်က (၂၅) နှစ်၊ ရန်ကုန်ကပြန်လာတယ်။ ပြန်လာတော့သူက ပျော်ဘွယ်မှာဆင်းတော့ ဘုန်းကြီးတစ်ပါးနဲ့ ကားသမားတစ်ယောက်သွားကြိုတယ်။ သူတို့ကို ဘုန်းကြီးကျောင်းမှာ Quarantine ထားတာပေါ့။ ဘုန်းကြီးက Positive ဖြစ်သွားတော့ ကျန်တဲ့သူတွေက ထိတွေ့ ဖြစ်သွားတာပေါ့။ "ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောသည်။
အေးသာယာနှင့် ရပ်စောက်မှ အတည်ပြုလူနာ ယာဉ်မောင်း (၂)ဦးနှင့် ထိတွေ့သူများကို quarantine center ထားခြင်းအပြင် stay home သတ်မှတ်ထားရသူများလည်းရှိကြောင်း သိရသည်။
"အေးသာယာက (၂၅) နှစ်အမျိုးသားက  မူဆယ်-တောင်ကြီး ကားဆွဲနေကြပေါ့။ ကားမောင်းတော့ သူက (၁၈) ရက်နေ့မှာ တောင်ကြီးကို တစ်ခေါက်ပြန်လာတယ်။ (၁၉) ရက်နေ့မှာ မူဆယ်တစ်ခေါက်ပြန်သွားတယ်။ (၂၂) ရက်နေ့မှာ အနံ့ပျောက်တယ်ထင်ပြီး တောင်ကြီးကိုပြန်လာလိုက်တယ်။ သူရောက်ပြီး Quarantine ထဲသူချက်ချင်းဝင်လိုက်တာပေါ့။ ဝင်တော့ သူနဲ့အတူတူ ကားစီးနေကျ ကားသမား (၂) ယောက်ပါတယ်။ သူတို့က ရှမ်းမြောက်ကို ကားထွက်နေတယ်။ အခုတော့ ပြန်လာပြီပြောတယ်။ သူတို့လည်း ရောက်တာနဲ့ Quarantine ထားပြီးတော့ ဓာတ်ခွဲစစ်မှာပေါ့။ နောက်တောင်ကြီးမှာ ဝင်ထွက်နေကျ ယာဉ်လိုင်းတစ်ခုရှိတယ်။ အဲဒီကားဂိတ်ကိုတော့ လောလောဆယ် Stay Home သတ်မှတ်ထားတာပေါ့။ ရပ်စောက်က အသက် (၃၀) အမျိုးသား၊ သူကလည်း ကားဆရာပဲ။ မန္တလေးနဲ့မောင်းနေတာ။ ဒီတစ်ခေါက်ကသူက ကားမပါဘဲ ပြန်လာတာ။ သူရောက်တော့ Quarantine ထဲဝင်သွားတာပေါ့။"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောသည်။
အောက်တိုဘာလ (၂၈)ရက်နေ့၌ ထပ်တိုးသည့် အတည်ပြုလူနာ (၆)ဦးအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အတည်ပြုလူနာတွေ့ရှိမှု (၈၈)ဦးအထိ တိုးလာသည့်အပြင် ရန်ကုန်တွင် ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူပြီး ဟဲဟိုးသို့ ပြန်လာသူတစ်ဦးတွင် ပိုးထပ်တွေ့ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~