တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှဒီဇယ်လီတာ (၃) သိန်းနီးပါးကို ကုမ္ပဏီ (၂) ခုက ဝမ်ပုံဆိပ်ကမ်းမှ တင်သွင်း

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှဒီဇယ်လီတာ (၃) သိန်းနီးပါးကို ကုမ္ပဏီ (၂) ခုက ဝမ်ပုံဆိပ်ကမ်းမှ တင်သွင်း
စက်တင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှဒီဇယ်လီတာ (၃) သိန်းနီးပါးကို ကုမ္ပဏီ (၂) ခုက ဝမ်ပုံဆိပ်ကမ်းမှ တင်သွင်း 
ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်၍ တင်သွင်းနေသည့် စက်သုံးဆီကို အဓိကမှီခိုနေခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ပြည်တွင်းမှ စက်သုံးဆီများ တင်သွင်းခဲ့ပြီးနောက် ရန်ကင်းဆီပန့်က ထိုင်းနိုင်ငံမှ ဒီဇယ်လီတာ (၃)သိန်းနီးပါးကို ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ထပ်မံတင်သွင်းထားကြောင်း သိရသည်။
ရန်ကင်းဆီပန့်၏ Shwe Taung Yoe Co,Ltd နှင့် Myanmar Treasure Land Co,Ltd တို့က ထိုင်းနိုင်ငံ ကျင်းဆဲန်ဆိပ်ကမ်းမှတဆင့် တာချီလိတ်မြို့ရှိ  ဝမ်ပုံဆိပ်ကမ်းသို့ ဒီဇယ်လစ်တာ (၂၉၁,၅၈၂) ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့က စတင်တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီဘက်က သွင်းလာတဲ့ဆီအားလုံးကို ဆီပန့်အားလုံးကို ခွဲပေးနေပါတယ်။ အဲဒါ ရန်ကင်းဆီပန့်ကလည်း ဆီပြတ်သွားမှာစိုးလို့ ဆိုပြီးတော့မှ နည်းလမ်းရှာတာပေါ့။ တောင်ကြီးဘက်က လမ်းကြောင်းရှည်တယ်။ ဒီဘက်က လမ်းကြောင်းတိုတယ်ပေါ့။ အဲဒီလို နည်းလမ်းရှာတာပေါ့။ တခြားဆီပန့်တွေကတော့ မသွင်းပါဘူး။ ဒီဆိပ်ကမ်းကနေတင်တာက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)လောက်တုန်းက ထိုင်းဘက်နဲ့ တံတားကို တစ်နှစ်ခွဲလောက်ကြာအောင် ပိတ်လိုက်ဖူးတယ်။ အဲဒီတုန်းကတော့  တိုင်းမှူးကနေ စက်သုံးရဖို့ နည်းလမ်းရှာခိုင်းလို့ ဝမ်ပုံဆိပ်ကမ်းကနေ စက်လှေတွေနဲ့ ဂျူတီဖရီးနဲ့ သွင်းခဲ့ကြဖူးတယ်။ ဒီနောက်ပိုင်းတော့ မသွင်းတော့ဘူး။ အခုကတော့ ပထမဆုံး ဂျူတီဆောင်ပြီး သွင်းလာတာပေါ့။ ကျွန်တော်တို့ကတော့ ဒီနေ့ဆွေးနွေးနေတာ အခြေအနေကြည့်ပြီး လိုအပ်ရင် တောင်ကြီးကနေ တင်သွင်းဖို့ လုပ်နေပါတယ်"ဟု တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂၅)ရက်နေ့၌ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား နေ့စဉ်ကုန်တင်ယာဉ်စီးရေ အကန့်အသတ်ဖြင့် ပြေးဆွဲခြင်းကို စက်တင်ဘာလ (၁၇)ရက်နေ့က စတင်လိုက်သဖြင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှု မရှိစေရန် မန္တလေးနှင့် တောင်ကြီးမြို့တို့မှ စက်သုံးဆီများကို ပထမဆုံးအကြိမ် သွားရောက်ဝယ်ယူထားသည့် စက်သုံးဆီများမှာ စက်တင်ဘာလ (၂၃)ရက်နေ့က တာချီလိတ်သို့ ရောက်ရှိနေပြီဖြစ်သည်။
တာချီလိတ်မှ ဆီပန့် (၈)ခုက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ စက်သုံးဆီများကို တင်သွင်းနေခြင်းဖြစ်ပြီး အဆိုပါဆီပန့်များမှ ဒေသတွင်း ဆီပန့်ငယ်များသို့ ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းမှတဆင့် Shwe Taung Yoe Co,Ltd မှ လိုင်စင်အမှတ် (၀၀,၀၉၇)ဖြင့် ဒီဇယ်လီတာ (၁၂၄,၉၆၄) လီတာ၊ Myanmar Treasure Land Co,Ltd မှ လိုင်စင်အမှတ် (၀၀,၀၈၄) ဖြင့် ဒီဇယ်လီတာ (၁၆၆,၆၁၈) လီတာကို တင်သွင်းထားခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်းကလည်း စက်တင်ဘာလ (၂၃)ရက်နေ့က တောင်ကြီးမှ ဒီဇယ်နှင့် ဓာတ်ဆီ စုစုပေါင်း လီတာ (၁)သိန်းကျော်ကို တင်သွင်းထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~