မကွေးတိုင်းအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများကို မေလ (၁၆)ရက်နေ့မှစ၍ စမ်းသပ်ပြေးဆွဲမည်

မကွေးတိုင်းအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများကို မေလ (၁၆)ရက်နေ့မှစ၍ စမ်းသပ်ပြေးဆွဲမည်
မေ 15, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများကို မေလ (၁၆)ရက်နေ့မှစ၍ စမ်းသပ်ပြေးဆွဲမည်

မကွေးတိုင်းဒေသကြီးအတွင်းပြေးဆွဲသည့် ယာဉ်လိုင်းများကို၂၀၂၀ ခုနှစ်၊ မေလ (၁၆)ရက်နေ့မှစ၍ (၃)ရက် စမ်းသပ် ပြေးဆွဲစေမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိသည်ဆိုပါက ဆက်လက်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းတွင်းခရီးစဉ်ကိုပဲ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ခရီးသည်တစ်ဝက်ပဲ တင်ဆောင်ခွင့်ပြုပြီး ယာဉ်စီးခကိုတော့ ပုံမှန်ထက် တစ်ဆခွဲကောက်ခံရယူစေမှာ ဖြစ်ပါတယ်။ တိုင်းတွင်းခရီးစဉ်တွေ ပြေးဆွဲတဲ့နေရာမှာလည်း  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ခရီးသည် တင်ယာဉ်လိုင်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြေးဆွဲဖို့ မေလ(၁၆)ရက်နေ့ကစပြီး (၃) ရက်လောက်စမ်းသပ်ပြေးဆွဲစေပြီး လိုက်နာမှုရှိတယ်ဆိုရင် ဆက်လက်ပြေးဆွဲခွင့်ပြုသွားမှာပါ

ဟု မကွေး တိုင်းဒေသကြီး COVID-19 ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ ဥက္ကဌ၊ ဆောက်လုပ် ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်းအတွင်း ပြေးဆွဲသည့်ခရီးစဉ်များကိုသာ ခွင့်ပြုခြင်းဖြစ်ပြီး တိုင်းကျော်ခရီးစဉ်များကို လုံးဝ ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။

တိုင်းကျော်ခရီးစဉ်လုံးဝ ခွင့်ပြုပေးခြင်းမရှိသေးပါဘူး။ ရန်ကုန်၊ မန္တလေး စတဲ့ တိုင်း/ပြည်နယ်တွေက စက်ရုံ၊ အလုပ်ရုံတွေကို သွားလိုသူတွေအနေနဲ့ အသွားတစ်ကြောင်းပဲ ခရီးသည်ပို့ခွင့်ရမှာဖြစ်ပြီး အပြန်ခရီးသည် တင်ဆောင်ခွင့်မရှိပါဘူး။ အသွားခရီးအတွက် ယကက က ယာဉ်လိုင်းစီစဉ်ပေးပြီး ယာဉ်စီးခကို ပုံမှန်ထက် ၂ဆ ကောက်ခံခွင့်ပြုရမယ်လို့ ညွှန်ကြားထားပါတယ်

ဟု မကွေးတိုင်းပို့ဆက် တိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပြောသည်။

ယာဉ်လိုင်းပြေးဆွဲရာတွင် ညပိုင်းခရီးစဉ်များခွင့်ပြုထားခြင်းမရှိဘဲ ခရီးသည်များလက်ဆေးနိုင်ရန် ယာဉ် လိုင်းအသီးသီးမှ စီစဉ်ပေးထားရမည်ဖြစ်ပြီး Mask များကိုလည်း ခရီးသည်တစ်ဦးလျှင် တစ်ခု အခမဲ့ ပေးဝေ ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~