လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀) ဝယ်ယူခွင့်ရကုမ္ပဏီက တစ်ယူနစ်လျှင် (၃)ဘတ် ပြား (၉၀)ဖြင့် မီးလင်းရေးကော်မတီသို့ ပြန်ရောင်းမည်

လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀) ဝယ်ယူခွင့်ရကုမ္ပဏီက တစ်ယူနစ်လျှင် (၃)ဘတ် ပြား (၉၀)ဖြင့် မီးလင်းရေးကော်မတီသို့ ပြန်ရောင်းမည်
မေ 17, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀) ဝယ်ယူခွင့်ရကုမ္ပဏီက တစ်ယူနစ်လျှင် (၃)ဘတ် ပြား (၉၀)ဖြင့် မီးလင်းရေးကော်မတီသို့ ပြန်ရောင်းမည်

ရှမ်းပြည်နယ်အစိုးရနှင့် နားလည်မှုသဘောတူညီချက် (MOA)ချုပ်ဆိုထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အခြေစိုက် Eastern Shinn Lon Manufacturing Co.,Ltd အနေဖြင့် လာအိုနိုင်ငံမှ ဝယ်ယူခွင့်ရရှိသည့် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀)ကို တာချီလိတ်မြို့မီးလင်းရေးကော်မတီမှတစ်ဆင့် ဓါတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

သူကတော့ ကိုယ်တိုင်ဖြန့်တာ မဟုတ်ဘူးပေါ့။ လာအိုကနေ ဝယ်ယူပြီးတော့ တာချီလိတ် မီးလင်းရေးကော်မတီကို ပြန်သွင်းပေးမယ်ပေါ့နော်။ ထိုင်းကနှုန်းထားထက်တော့ လျော့မယ်။ အခု ထိုင်းဘက်ကဝယ်တာ  လေးဘတ်ခွဲရှိတယ်။  ပျောက်ဆုံးယူနစ်ကလည်း တစ်လတစ်လ မနည်းဘူး။ အဲဒီတော့ မီတာခတွေက ပိုတက်တယ်။ လာအိုဘက်ကကျတော့ တစ်ယူနစ်ကို (၃)ဘတ်၊ ပြား (၉၀)နဲ့ တာချီလိတ်မီးလင်းရေးကို သူတို့ပြန်သွင်းပေးမယ် 

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁၃)ရက်နေ့က ပြောသည်။

လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀) ကို တာချီလိတ်မြို့နယ်အတွင်း ဖြန့်ဖြူးရန် ဝယ်ယူ တင်သွင်းခွင့်အား ရှမ်းပြည်နယ်အစိုးရနှင့် တာချီလိတ်မြို့အခြေစိုက် Eastern Shinn Lon Manufacturing Co.,Ltd ၊ လာအိုနိုင်ငံမှ MCM ကုမ္ပဏီတို့ကြား နားလည်မှုသဘောတူညီချက် (MOA)အရ ၂၀၂၀ ခုနှစ်၊ မေလ (၁၂) ရက်နေ့က တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး MOU သက်တမ်းမှာ (၁၀)နှစ်ဖြစ်ကာ (၅)နှစ်စီ နှစ်ကြိမ်သက်တမ်းတိုးခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဒီဟာက နိုင်ငံခြားက မီးသွယ်တာဆိုတာ ပြည်ထောင်စုရဲ့ ခွင့်ပြုချက်ယူရတယ်။ အခု ပြည်ထောင်စုက ခွင့်ပြုစာ ရလာပြီဆိုတော့ plan ဆွဲပြီး ကျွန်တော်တို့ကို လာပြ။ ကျွန်တော်တို့ သဘောတူပြီဆိုတော့ သဘောတူစာချုပ် ချုပ်လိုက်တာပေါ့နော်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း နိုင်ငံတော်မှလျှပ်စစ်ဓါတ်အား မရသေးသဖြင့် မြို့မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အားကို ဝယ်ယူဖြန့်ဖြူးပေးနေပြီး တာလေနှင့် ကျိုင်းလပ်၌ လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား (၅)မဂ္ဂါဝပ်ကို ရှင်းလုံထုတ်လုပ်မှုကုမ္ပဏီက ဝယ်ယူဖြန့်ဖြူးပေးနေခြင်းဖြစ်သော်လည်း ဓါတ်အားလုံလောက်မှုမရှိ၍ ယင်းကဲ့သို့ ထပ်မံဝယ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်က လက်ရှိသုံးနေတဲ့မီးက မယ်ဆိုင်ကနေ ဝယ်ထားတာပေါ့နော်။ အရင်ကတော့ ဟိုဘက်ကုမ္ပဏီ ဒီဘက်ကုမ္ပဏီနဲ့ချိတ်ဝယ်ပြီးမှ မီးလင်းရေးဘက်ကိုရောက်တော့ ဈေးကများတယ်ပေါ့နော်။ အဲဒီမှာ ကျွန်တော်တို့ ဈေးတွေလျှော့ခိုင်းတော့ ဒီဘက်က မြန်မာဘက်က Allure ကုမ္ပဏီက ဖျက်လိုက်တာပေါ့နော်။ ဒီဘက် မီးလင်းရေးကလည်း ဟိုဘက်ကမ်းနဲ့ တိုက်ရိုက်ချိတ်လိုက်တော့ ဈေးနည်းနည်းလေး ကျသွားတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းဘက်က ဈေးကများနေတုန်းပဲ။ ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရတယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံတော်ဘတ်ဂျက်ကလည်း မလောက်သေးဘူး။ ဒီဘက်မှာလည်း မီးလင်းဖို့လိုတယ်ဆိုတော့ ကျွန်တော်တို့ ဒီနည်းကို ရွေးလိုက်တာပေါ့နော်။  စက်ရုံ၊အလုပ်ရုံတွေ ဖွံ့ဖြိုးဖို့လိုတယ်လေ။ မဟုတ်ရင် ကြာနေမှာလေ။  ဒါကြောင့် ရနိုင်တဲ့နည်းနဲ့ လုပ်မယ်ဆိုပြီး ကျွန်တော် ဆုံးဖြတ်လိုက်တာပါ။ အခုထပ်တိုးဝယ်လိုက်တဲ့ လာအိုမီးကလည်း လာအိုဘက်ကလည်း ကုမ္ပဏီတစ်ခု၊ ဒီဘက်ကလည်း ကုမ္ပဏီတစ်ခုက ဝယ်ယူတာဆိုတော့ သူတို့ကလည်း မီးလင်းရေးကို အမြတ်တစ်ခုနဲ့ ပြန်သွင်းမှာပေါ့။ ဒါပေမဲ့ ထိုင်းကလျှပ်စစ်မီးထက်တော့ ဈေးနှုန်းလျော့မယ်ပေါ့။ သူတို့ကလည်း ရင်းနှီးမြုပ်နှံရတာများတော့ အရင်းကျေကာလက (၅)နှစ်ကျော်မယ်လို့ ပြောတယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

Eastern Shinn Lon Manufacturing Co.,Ltd သည် လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား(၃၀)မဂ္ဂါဝပ် ဝယ်ယူဖြန့်ဖြူးပေးရန် ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံများ တည်ဆောက်ရန် ခန့်မှန်းကုန်ကျစရိတ် ကျပ် (၂၀၂၇.၄၈) သန်းခန့် ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မိုင်းဖုန်း(က)၊ မိုင်းဖုန်း(ခ)၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု ၊ ဆေခမ်းရပ်ကွက်တို့အပါအဝင် တာချီလိတ်မြို့နယ်ပြင်ပ  ကျေးရွာပေါင်း(၁၃၃)ရွာနှင့် ဒုတိယအဆင့်အနေဖြင့် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ဆောက်လုပ်ဆဲ ဟိုတယ်လုပ်ငန်းခွင်များနှင့် တာချီလိတ်မြို့တွင်း ဓါတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းရန် လျာထားကြောင်း သိရသည်။

တာချီလိတ်မြို့အခြေစိုက်သည့် Eastern Shinn Lon Manufacturing Co.,Ltd (အရှေ့ပိုင်း ရှင်းလုံ ထုတ်လုပ်မှု ကုမ္ပဏီ လီမိတက်) ၏ ဒါရိုက်တာအဖွဲ့တွင် လာအိုနိုင်ငံသား (၁)ဦး၊ မြန်မာနိုင်ငံသား (၂)ဦးပါဝင်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အသေးစားကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားခြင်းဖြစ်သည်။

  Tachileik News Agency
ဓါတ်ပုံ - မောင်မောင်သန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~