တာချီလိတ်နယ်စပ်မှ ပြန်ဝင်လာသည့် COVID 19 အတည်ပြုလူနာ၏ မိသားစုနှင့် ဘန်ကောက်မှအတူပြန်လာသူ (၃)ဦးတို့ကို ဓါတ်ခွဲစစ်ဆေးမည်

တာချီလိတ်နယ်စပ်မှ ပြန်ဝင်လာသည့် COVID 19 အတည်ပြုလူနာ၏ မိသားစုနှင့် ဘန်ကောက်မှအတူပြန်လာသူ (၃)ဦးတို့ကို ဓါတ်ခွဲစစ်ဆေးမည်
မတ် 31, 2020
By Tachileik News Agency
တာချီလိတ်နယ်စပ်မှ ပြန်ဝင်လာသည့်  COVID 19 အတည်ပြုလူနာ၏ မိသားစုနှင့် ဘန်ကောက်မှအတူပြန်လာသူ (၃)ဦးတို့ကို ဓါတ်ခွဲစစ်ဆေးမည်

မြန်မာနိုင်ငံ၏ (၁၄) ယောက်မြောက် COVID 19 အတည်ပြုလူနာ၏ မိသားစု အပါအဝင် အတည်ပြုလူနာနှင့်အတူ ထိုင်းနိုင်ငံမှ အတူပြန်လာသည့် (၃) ဦးကို ဆေးရုံနှစ်ခုတွင် ထားရှိပြီး ၎င်းတို့နေထိုင်ရာနေအိမ်များဝန်းကျင်ကို ကန့်သတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ၏ မိသားစုကို ကျောက်မဲဆေးရုံတွင် လည်းကောင်း၊ ဘန်ကောက်မှ အတူပြန်လာသူများကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင်လည်းကောင်း ထားရှိခြင်း ဖြစ်သည်။

“သူ့ရဲ့ မိသားစုဝင်တွေကိုတော့ ဆေးရုံမှာပဲ Hospital Quarantine လုပ်ထားတယ်။ သူနဲ့အတူတူ ဘန်ကောက်ကနေ တာချီလိတ်ကို အတူပြန်လာတဲ့ (၃)ယောက်ရှိတယ်။ အဲဒီ (၃)ယောက်ကိုတော့ ဓါတ်ခွဲနမူနာပို့ဖို့ လုပ်နေတယ်။ သူတို့နေတဲ့ရွာက အိမ်အနီးဝန်းကျင် လမ်းတွေကိုတော့ Lock Down လုပ်ခိုင်းလိုက်တယ်။ သူတို့က တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု၊ ကွမ်လုံရွာကလို့တော့ သိရတယ်”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မတ်လ(၃၁)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အတည်ပြုလူနာသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှနေ၍ မတ်လ (၂၅)ရက်နေ့တွင်  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှတစ်ဆင့် တာချီလိတ်သို့ ဝင်ရောက်ကာ (၂)ရက်နေထိုင်ခဲ့ပြီး၊ တာချီလိတ်မှ တစ်ဆင့် မန္တလေးသို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီးနောက် မန္တလေးမှ တဆင့် ကျောက်မဲသို့ကားဖြင့် ပြန်သူဖြစ်ကာ မတ်လ (၂၉)ရက်နေ့တွင် ကျောက်မဲပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ကုသခံယူခဲ့ပြီး မတ်လ (၃၀)ရက်နေ့တွင် COVID - 19 ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေရလာခဲ့ခြင်းဖြစ်သည်။

အတည်ပြုလူနာ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်လာခဲ့သည့် မတ်လ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၈၀၀)ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~