တာချီလိတ်ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် ဧည့်သည်များအား ကိုယ်အပူချိန် တိုင်းတာရမည်

တာချီလိတ်ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် ဧည့်သည်များအား ကိုယ်အပူချိန် တိုင်းတာရမည်
ဖေဖော်ဝါရီ 21, 2020
By 🌸

တာချီလိတ်ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် ဧည့်သည်များအား ကိုယ်အပူချိန် တိုင်းတာရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နယ်စပ်ဝင်ပေါက် အသီးသီးတွင် စစ်ဆေးမှုအပြင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် လာရောက်သည့် ဧည်သည်များကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ကြရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

 “သူတို့ဘက်က အဖျားတိုင်းပေးမယ်ပေါ့။ လိုအပ်တာရှိရင် ကျွန်တော်တို့ဘက်က ပံ့ပိုးမယ်ပေါ့။ သူတို့ဆီကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တာတွေ အသိပေးချက်တွေ ပို့ထားတယ်။ သူတို့ဘက်က သာမိုမီတာနဲ့ အဖျားတိုင်းတာတွေလုပ်မယ်။ အကယ်၍ ဧည့်သည်ကဖျားတယ်။ တရုတ်ပြည်ဘက်က လာတယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်မယ်။ ကျွန်တော်တို့က လိုအပ်တာတွေ ဆက်လုပ်ပေးမယ်ပေါ့”

ဟု တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း (၅၄) လုံးရှိပြီး COVID 19 (ကိုရိုနာဗိုင်းရပ်စ်)နှင့် ပတ်သက်သည့် အသိပညာပေးဗီနိုင်းများကို အများမြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရှိပြီး လာရောက်သည့် ဧည့်သည်များကို သာမိုမီတာဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်ကြရန် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ညွှန်ကြားစာပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

" ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့က ဟိုတယ်အသင်းကို ညွှန်ကြားလိုက်တယ်။ တံတားပေါ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးနေပါတယ်"

ဟု တာချီလိတ်မြို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ပေးပို့သောညွှန်ကြားစာတွင် COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသတွင်းရှိ ဌာနလိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများတွင် Non-Contact Thermometer များအသုံးပြု၍ လာရောက်သည့်ဧည့်သည်များကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်စေရန်နှင့် သံသယလူနာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အချိန်နှင့်တပြေးညီသတင်းပေးပို့ရန်  အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။

"ဟိုတယ်တွေအကုန်လုံး အကြောင်းကြားပြီးပါပြီ။ ညွှန်ကြားစာဝင်လာတော့ ချက်ခြင်းအကြောင်းကြားစာ ပြန်ဖြန့်လိုက်တယ်။ Non-Contact Thermometer တွေဘယ်မှာဝယ်လို့ရတယ်ဆိုတာလည်း ပြောပြလိုက်တယ်။ ဗီနိုင်းတွေထားဖို့ စာဝင်လာတော့ ဟိုတယ်တစ်လုံးချင်းစီဆို မလုပ်ဖြစ်မှာစိုးလို့ (၅၄) လုံးစာ ဗီနိုင်းထုတ်လိုက်တယ်။  အကုန်လိုက်ဝေပေးလိုက်တယ်"

ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)၏ တွဲဖက်အတွင်းရေးမှူး ဦးအာကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံရသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် ကူးစက်ခံထားရသူ (၇၆၇၂၃)ဦးရှိနေပြီး သေဆုံးသူ (၂၂၄၇)ဦး ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~