နမ့်ခမ်းမြို့ခံများနှင့် TNLA စစ်ဦးစီးချုပ် တားဟိုပလန်တို့ တွေ့ဆုံ

နမ့်ခမ်းမြို့ခံများနှင့် TNLA စစ်ဦးစီးချုပ် တားဟိုပလန်တို့ တွေ့ဆုံ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ နမ့်ခမ်းမြို့ခံများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) စစ်ဦးစီချုပ် တားဟိုပလန်တို့ ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မဟာလူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားများအပေါ် နှစ်ပေါင်း(၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီးဖြစ်ကာ ပြည်သူလူထုများ စည်းစည်းလုံးလုံး နေထိုင်သွားကြရန် ဗိုလ်ချုပ်တားဟိုပလန်က ပြောကြောင်း TNLAက ထုတ်ပြန်ထားသည်။

"အသက်သွေးချွေးစွန့်ကာ နမ့်ခမ်းမြို့ကို  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ နမ့်ခမ်းမြို့က တအာင်းလူမျိုးအပြင် အခြားတိုင်းရင်းသားများလည်း နေထိုင်တဲ့ဒေသတစ်ခုဖြစ်တဲ့အတွက် စည်းစည်းလုံးလုံးနေထိုင်ပြီး အတူတကွ ကာကွယ်စောင့်ရှောက်ရမယ်"ဟု ဗိုလ်ချုပ်တားဟိုပလန်က ပြောသည်။

လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဌာနဆိုင်ရာများ၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌ၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံလူထုများ စုစုပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News