ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့အား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့အား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းချကြောင်း ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ကိုရယူခြင်း၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ စားသုံးဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားသော ရည်ညွှန်းဈေးထက် ဈေးတင်ရောင်းချခြင်း၊ ကုမ္ပဏီများထံမှ လာဘ်စားခြင်း၊ ဒေါ်လာများ တရားမဝင် လက်ဝယ်ထားရှိခြင်းတို့ကြောင့် စစ်တရားရုံးဖြင့် စီရင်ပြီး ထောင်ဒဏ်(၂၀)နှစ်နှင့် ညီမျှသော ထောင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်သည်ဟု ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဌ တာဝန်များကိုယူခဲ့သူဖြစ်သည်။

ထို့အပြင် ဗိုလ်မှူးချုပ် ရန်နောင်စိုးသည်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် လာဘ်ယူခြင်း၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်ကာ နိုင်ငံတော်အား သစ္စာဖောက်ဖျက်မှုကို ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်ခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်းတို့ဖြင့် စစ်တရားရုံးက ထောင်ဒဏ်အနှစ်(၂၀)နှင့် ညီမျှသော တစ်သက်တစ်ကျွန်းကို ချမှတ်လိုက်သည်ဟု သိရသည်။

#TachileikNewsAgency