တရုတ်နိုင်ငံရောက် မြန်မာလုပ်သား (၁၅၄)ဦး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် (၃)သုတ်ခွဲကာ မြန်မာသံရုံးအကူအညီဖြင့် နေရပ်ပြန်

တရုတ်နိုင်ငံရောက် မြန်မာလုပ်သား (၁၅၄)ဦး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် (၃)သုတ်ခွဲကာ မြန်မာသံရုံးအကူအညီဖြင့် နေရပ်ပြန်
မတ် 4, 2020
By Tachileik News Agency
တရုတ်နိုင်ငံရောက်  မြန်မာလုပ်သား (၁၅၄)ဦး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် (၃)သုတ်ခွဲကာ မြန်မာသံရုံးအကူအညီဖြင့် နေရပ်ပြန်

တရုတ်နိုင်ငံရောက် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေး မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးနေရာ ရှန်းတုန်းပြည်နယ်မှ မြန်မာလုပ်သား (၁၅၄)ဦးကို (၃)သုတ်ခွဲ၍ နေရပ်ပြန်ပို့ပေးထားရာ ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် မြန်မာ - တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် ပြန်ဝင်လာပြီဖြစ်ကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် မြန်မာသံရုံးကပို့ဆောင်ပေးထားသည့် မြန်မာလုပ်သားများအပါအဝင် တရုတ်ဘက်မှ ပြန်လာသည့် မြန်မာလုပ်သား (၉၇)ဦးကို သက်ဆိုင်ရာဌာနများက ကျန်းမာရေးစိစစ်ခြင်း၊ နိုင်ငံသားစိစစ်ခြင်းနှင့် အခြားလိုအပ်သည့် စိစစ်ခြင်းများကို  လုပ်ဆောင်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် နေရပ်ပြန်လိုကြောင်း မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားလာသည့် တရားမဝင် မြန်မာလုပ်သားများကို ပြန်လည်ပို့ဆောင်ပေးနေရာ ယခုပို့ပေးမည့် (၃၁)ဦးမှာ တတိယအသုတ်ဖြစ်ပြီး စုစုပေါင်း (၁၅၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးသို့ ဆက်သွယ်လာသည့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေး ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မတ်လ (၁) ရက်နေ့တွင် ရှန်းတုန်းပြည်နယ်၊ ရုရှန်းမြို့မှ (၆၄) ဦးကို ပထမအသုတ်အဖြစ်လည်းကောင်း၊ မတ်လ (၂) ရက်နေ့တွင် ရှန်းတုန်းပြည်နယ်၊ ရုန်းချောင်မြို့မှ (၅၉) ဦးကို ဒုတိယအသုတ်အနေဖြင့် လည်းကောင်း၊ မတ်လ (၂) ရက်နေ့တွင် ရှန်းတုန်းပြည်နယ်၊ ရုရှန်းမြို့မှ (၃၁) ဦးကို တတိယအသုတ်အနေဖြင့်လည်းကောင်း  ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားများ နေရပ်ပြန်ရာတွင် ၎င်းတို့နှင့်အတူ တရုတ်ဆရာဝန်များ၊ တရုတ်ရဲတပ်ဖွဲ့ဝင်များလိုက်ပါပြီး ပုံမှန်ဖြတ်သန်းသွားလာမှုများကို တားဆီးကန့်သတ်ထားသည့် တရုတ်နိုင်ငံ ပြည်နယ်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးပြီး ဖြတ်သန်းခွင့်ရရှိရေးနှင့် တရားမဝင် လုပ်သားများကို ဥပဒေကြောင်းအရ မဖြစ်မနေဒဏ်ငွေပေးဆောင်စေရာတွင် အတတ်နိုင်ဆုံးလျော့ပေါ့ပေးရေးတို့ကို မြန်မာသံရုံးက ကူညီပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ နေရပ်ပြန်လိုသည့်မြန်မာလုပ်သားများကို နယ်စပ်မှပြန်ပို့နိုင်ရေးအတွက် မြန်မာသံရုံးက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ပြည်နယ်နိုင်ငံခြားရေးရုံး၊ ပြည်နယ်လုံခြုံရေးဌာနများ၊ နယ်မြေရဲတပ်တပ်ဖွဲ့များနှင့် ပိတ်ရက်မရှိ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးနေသဖြင့် မြန်မာလုပ်သားများအနေဖြင့် တရားဝင်နေထိုင်သည်ဖြစ်စေ၊ တရားမဝင်နေထိုင်သည်ဖြစ်စေ မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် မိတ္တူ၊ မြန်မာနိုင်ငံတွင် နေထိုင်သည့်လိပ်စာ၊ လက်ရှိတရုတ်နိုင်ငံတွင် ရောက်ရှိနေသည့်လိပ်စာအပြည့်အစုံ၊ စက်ရုံနှင့် အလုပ်ရုံများတွင်ရောက်ရှိနေပါက အဆိုပါစက်ရုံ၊ အလုပ်ရုံတို့၏ ဆိုင်းဘုတ်တို့ကို ဓာတ်ပုံရိုက်၍ Wechat သိုပမဟုတ် Viber တို့မှ ပေးပို့ကြရန် မြန်မာသံရုံးက ကြေညာထားသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

ဓါတ်ပုံ - ချင်းရွှေဟော်ပြန်ဆက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~