မျောက်ပြဿနာနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို ဗီနိုင်းစာတန်း ချိတ်ဆွဲကာ ဆန္ဒပြ

မျောက်ပြဿနာနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို ဗီနိုင်းစာတန်း ချိတ်ဆွဲကာ ဆန္ဒပြ
By Mr John

 ထိုင်းနိုင်ငံ လော့ပ်ဘူရီမြို့ကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင် လာရောက်ခဲ့စဥ် မျောက်ပြဿနာများကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သူ မြို့ခံအဖွဲ့ ခေါင်းဆောင်တစ်ဦးက ယခုအခါ ဝန်ကြီးချုပ်နှင့် အမျိုးသားဥယျာဥ်များ၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ အရာရှိများကို မျောက်ပြဿနာများ မဖြေရှင်းနိုင်မှုအတွက် ဝေဖန်ထားသော စာသားရေးထားသည့် ဗီနိုင်းစာတန်း ချိတ်ဆွဲပြီး ဆန္ဒပြခဲ့သည်။

"ဝန်ကြီးချုပ်က လော့ပ်ဘူရီကို ဘာကြောင့်လာတာလဲ၊ သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင် ဝန်ကြီး Patcharawat  ဘယ်ရောက်နေလဲ၊" ဟု ရေးသားထားသော ဗီနိုင်းစာတန်းကို ၂၀၂၄ ခုနှစ် ဧပြီလ (၂၂) ရက်နေ့က ဈေးဆိုင်တစ်ဆိုင်၏ ဆန်းရှိတ်တွင် ချိတ်ဆွဲထားသည်။

 နောက်ထပ် ဗီနိုင်စာတန်းတစ်ခုကိုလည်း လော့ပ်ဘူရီပြည်နယ် Mueang ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင် အရှေ့တွင် ချိတ်ဆွဲထားပြီး "အမျိုးသားဥယျာဥ်ဌာနက ငါတို့အတွက် မျောက်ပြဿနာကို ဘယ်တော့ ဖြေရှင်းပေးမှာလဲ။ ဒုက္ခရောက်နေတယ်၊ မင်း သိလား" ဟု ရေးသားထားသည်။

မျောက်ပြဿနာနှင့် ပတ်သက်၍ ဆန္ဒပြအုပ်စုကို ဦးဆောင်သူ အသက် (၆၈) နှစ်အရွယ် Kantang Kitrattanakarn က ၎င်းတို့မှာ အမှန်တကယ်ပင် အကူအညီမဲ့ခဲ့ကြပြီး အမျိုးသားဥယျာဥ်ဌာန၏ လုပ်ဆောင်မှုများကို ဝေဖန်ရန် စာတန်းချိတ်ဆွဲ ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောသည်။ 

ထိုဌာနက အလုပ်လုပ်ရာတွင် နောက်ကျကြောင်းနှင့် လော့ပ်ဘူရီရှိ ပြည်သူများကို အလေးမထားကြောင်း ၎င်းက ဝေဖန်ခဲ့သည်။

မျောက်ပြဿနာနှင့် ပတ်သက်၍ လော့ပ်ဘူရီကို လာရောက်ခဲ့သည့် မြေယာကော်မရှင် ဥက္ကဌ၊ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန၊ အောက်လွှတ်တော်ထံသို့လည်း စာတစ်စောင် ပေးပို့ထားကြောင်း Kantang က ဆိုသည်။ 

မျောက်များကို ဖမ်းဆီးပြီး နေရာရွှေ့ပြောင်းရန် အစီအစဥ်ကို သက်ဆိုင်ရာ ဌာနများ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြသည့် ၂၀၂၄ ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှာပင် အမျိုးသားဥယျာဥ်များ၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး Atthaphon Charoenchansa က ပြောခဲ့သည်။

၎င်း၏ အဆိုအရ (၄) ရက်အတွင်း ပထမအသုတ် မျောက်အကောင်ရေ (၂၀၀) မှ (၃၀၀) ကို ဖမ်းဆီးပြီး သားကြောဖြတ်ကာ လော့ပ်ဘူရီနယ်မြေ၏ Pho Kao Tonne (Cage 3) မျောက်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်သွားမည်ဟု သိရသည်။ 

ထိုစခန်းတည်ဆောက်မှုမှာ ၂၀၂၄ ခုနှစ် မေလလယ်ပိုင်းတွင် အပြီးသတ်မည်ဟု ခန့်မှန်ထားသည်။

 

Source: Khaosod

Photo: Khaosod, Lopburi PRD,