ရုရှားက ယူကရိန်းနိုင်ငံ Kharkiv မြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း Amnesty အဖွဲ့က စွပ်စွဲ

ရုရှားက ယူကရိန်းနိုင်ငံ Kharkiv မြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း Amnesty အဖွဲ့က စွပ်စွဲ

ရုရှားက ယူကရိန်းအရှေ့မြောက်ပိုင်း Kharkiv မြို့တွင် လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်ခြင်းနှင့် တားမြစ်ပိတ်ပင်ထားသည့် ကလတ်စတာဗုံး (cluster bomb) ခေါ်  ဆင့်ကဲပေါက်ကွဲသည့်ဗုံးများ အသုံးပြုခြင်းဖြင့် ရာနှင့်ချီသည့် အရပ်သားများကို သတ်ခဲ့ကြောင်း Amnesty International လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာအသစ်အရ သိရှိရသည်။ 

ရုရှားက Kharkiv မြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း Amnesty အဖွဲ့က စွပ်စွဲထားသည်။

 

ဗြိတိန်အခြေစိုက် Amnesty အဖွဲ့က ဇွန်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရုရှားတပ်ဖွဲ့တွေက 9N210/9N235 ကလတ်စတာဗုံးများကို အကြိမ်ကြိမ် အသုံးပြုနေသည့် သက်သေအထောက်အထားများနှင့် မိုင်းများထောင်ထားခြင်းကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ 

ကလတ်စတာဗုံးများ သို့မဟုတ် ကလတ်စတာခဲယမ်းများမှာ လေထဲတွင်ပေါက်ကွဲပြီးနောက် သေးငယ်သော ဗုံးအများအပြားက ကျယ်ပြန့်သည့်ဧရိယာတစ်ခုအတွင်း ကျရောက်ကာ ထပ်မံပေါက်ကွဲရာ အရပ်သားများကို အန္တရာယ်ဖြစ်စေခြင်းကြောင့် အငြင်းပွားစရာဖြစ်သည်။

ကလတ်စတာဗုံးကနေ ထွက်လာသည့် သေးငယ်သော ဗုံးများမှာ တခါတရံ မပေါက်ကွဲဘဲ မြေပြင်တွင်ရှိနေတတ်ရာ နောင်နှစ်များကြာအထိ ခြိမ်းခြောက်မှုဖြစ်နေကြောင်းလည်း သိရသည်။ 

 

ကလတ်စတာဗုံးများ သို့မဟုတ် ကလတ်စတာခဲယမ်းများ အသုံးပြုခြင်း တားမြစ်ပိတ်ပင်မှု သဘောတူညီချက်ကို နိုင်ငံပေါင်း (၁၂၀) ကျော်က လက်မှတ်ရေးထိုးထားသော်လည်း ရုရှား သို့မဟုတ် ယူကရိန်းတို့က လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

ထို့အတူ အမေရိကန်နိုင်ငံကလည်း ထိုသဘောတူညီချက်တွင် ပါဝင်လက်မှတ်ထိုးခြင်းမရှိဟု ဆိုသည်။

ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Kharkiv မြို့မှာ ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ရုရှားကျူးကျော်မှု စတင်ခဲ့ချိန်မှစပြီး အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိုမြို့တွင် အရပ်သား (၆၀၀) သေဆုံးခဲ့ကြောင်းနှင့် လူဦးရေ ၆၀၀,၀၀၀ ရွှေ့ပြောင်းခဲ့ရကြောင်း ယူကရိန်းအစိုးရ ပြောခဲ့သည်။ 

Amnesty အဖွဲ့က Kharkiv မြို့တွင် ဧပြီလနှင့် မေလအစောပိုင်းက (၁၄) ရက်ကြာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ ကလတ်စတာဗုံးများ အသုံးပြုခဲ့ကြောင်းနှင့် မိုင်းများထောင်ထားကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် သီးခြားသတင်းတစ်ရပ်အရ နိုင်ငံအရှေ့ပိုင်းရှိ အရေးပါသည့် Severodonetsk မြို့၏ နေရာအများစုကို ယခုအခါ ရုရှားတပ်ဖွဲ့များက  ထိန်းချုပ်ထားပြီဟု သိရသည်။ 

Severodonetsk မြို့မှာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တိုက်ပွဲ၏ ဗဟိုချက်နေရာလည်း ဖြစ်သည်။ 

ရုရှားတပ်ဖွဲ့တွေက ထိုမြို့ကို အဝင်အထွက် လုံးဝဖြတ်တောက်ထားရန် ကြိုးပမ်းနေပြီး Lysychansk မြို့နှင့် ဆက်သွယ်ထားသည့် တံတား (၃) စင်းလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။ 

Severodonetsk မြို့ တိုက်ပွဲက နိုင်ငံအရှေ့ပိုင်း စစ်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောထားခဲ့သည်။

 Source: Reuters, Al Jazeera, CNN

Photo: Ricardo Moraes/Reuters, REUTERS/Ivan Alvarado,