အသက် (၇၄) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဘဏ်ကို ဓါးပြတိုက်ပြီး ဒေါ်လာ(၅၀၀)ယူသွား

အသက် (၇၄) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဘဏ်ကို ဓါးပြတိုက်ပြီး ဒေါ်လာ(၅၀၀)ယူသွား
By Mr John

 အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခံရသည့် အသက်(၇၄)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ခရစ်ဒက်ယူနီယံ (credit union) ငွေကြေးဝန်ဆောင်မှုတစ်ခုကို သေနတ်တစ်လက်ဖြင့် ဝင်ရောက်ပြီး ဓားပြတိုက်ကာ အမေရိကန်ဒေါ်လာ (၅၀၀)ယူဆောင်သွားသည့် ဖြစ်စဉ် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။



အန်းမေယာစ် အမည်ရှိသည့် အသက်(၇၄)နှစ်အရွယ် အမျိုးသမီးကြီးသည် ၂၀၂၄ ခုနှစ် ဧပြီလ၏ တတိယပတ်အတွင်းက AurGrup Credit Union ထဲသို့ ဝင်ရောက်လာခဲ့ပြီး သေနတ်တစ်လက်ပြကာ ငွေတောင်းခဲ့ကြောင်း Fairfiled မြို့နယ် ရဲဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

 ရဲတပ်ဖွဲ့က ဓါးပြတိုက်သွားသူကို ရှာဖွေရန်အတွက် CCTV မှတ်တမ်း၏ ပုံများဖြင့် အွန်လိုင်းပေါ်တွင် ဓာတ်ပုံများ ဖြန့်ဝေခဲ့ပြီးနောက်  မေယာစ်ကို အိုင်ဟိုင်းယိုးပြည်နယ် Hamilton မြို့ရှိ သူမ၏ နေအိမ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက်(၇၄)နှစ်အရွယ် အမျိုးသမီးကြီး မေယာစ်က ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပြီး မကြာသေးမီက အွန်လိုင်းလိမ်လည်မှုတစ်ခုတွင် ဒေါ်လာ ထောင်နှင့်ချီ ဆုံးရှုံးခဲ့ပြီး မိသားစုနှင့် သူငယ်ချင်းများကို ပေးရမည့် အကြွေးများရှိနေသည်ဟုလည်း  ၎င်းကဆိုသည်။  

 ယခုလို လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး မေယာစ်က ဘဏ်တစ်ခုကို ဓားပြတိုက်မည့်အကြောင်း သူမ၏ ညီမကို ပြောခဲ့သော်လည်း ညီမဖြစ်သူက မေယာစ် တကယ်လုပ်မည်ဟု ထင်ခဲ့ပုံမရကြောင်း   Fairfield မြို့နယ် ရဲဌာနမှ တပ်ကြပ်ကြီး Brandon McCroskeyက ဆိုသည်။

မေယာစ်၏ နေအိမ်တွင် ဓားပြတိုက်မှု ဖြစ်စဥ်အတွင်း သူမ မောင်းနှင်ခဲ့သည့် ၂၀၁၄ မော်ဒယ် ခဲရောင် Hyundai Elantra ကားကိုတွေ့ရသလို ကားထဲမှ သေနတ်တစ်လက် အပါအဝင် သက်သေခံပစ္စည်းများကို မေယာစ်၏ နေအိမ်ကနေ သိမ်းဆည်းရမိခဲ့သည်။



မေယာစ်က ဓါးပြတိုက်မှု မကျူးလွန်မီ ၎င်း၏ ကားနံပါတ်ပြားကို ဖြုတ်ထားပြီး ဘန်ပါတွင် ကပ်ထားသည့် စတစ်ကာကိုလည်း ဖယ်ရှားရန် ကြိုးစားထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း McCroskey က ပြောသည်။ 

 

မေယာစ်ကို လက်နက်နှင့် ဓားပြတိုက် လုယက်မှုနှင့် သက်သေဖျောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ထားပြီး  Butler County Jail အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းနှင့် သူမကို ဒေါ်လာ(၁)သိန်းဖြင့်  အာမခံပေးထားပြီး အမှု ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

 

Source: CBS News