ထီလက်မှတ်ဖိုး မတတ်နိုင်၍ ထီစပ်တူထိုးခဲ့သည့်  သန့်ရှင်းရေးအလုပ်သမား အမျိုးသမီးအုပ်စု ရူပီး သန်း (၁၀၀) ဆုကြီး ဆွတ်ခူး

ထီလက်မှတ်ဖိုး မတတ်နိုင်၍ ထီစပ်တူထိုးခဲ့သည့်  သန့်ရှင်းရေးအလုပ်သမား အမျိုးသမီးအုပ်စု ရူပီး သန်း (၁၀၀) ဆုကြီး ဆွတ်ခူး
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် သန့်ရှင်းရေး အလုပ်သမား အမျိုးသမီး (၁၁) ဦးက ရူပီး (၂၅၀) ပေးရသည့် ထီလက်မှတ်တစ်စောင်ကို စပ်တူထိုးခဲ့ကြရာမှ ရူပီး သန်း (၁၀၀) (အမေရိကန်ဒေါ်လာ ၁.၂ သန်း) ဆုကြီးပေါက်သွားခဲ့ကြသည်။

 အသက် (၄၉) နှစ်အရွယ် သန့်ရှင်းရေးအလုပ်သမား M Radha က အခြား လုပ်ဖော်ကိုင်ဖက် (၁၀) နှင့်အတူ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ထီစပ်တူထိုးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့တွင် သူမ၏ မိုဘိုင်းဖုန်းကို စစ်ဆေးကြည့်စဥ် ထီဆုကြီးပေါက်ကြောင်း တွေ့ခဲ့ချိန်က မယုံနိုင်အောင် ဖြစ်ခဲ့ရသည်ဟု Radha က ပြောသည်။ 

"ကျွန်မ အကျယ်ကြီးအော်ပြီးတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြေးဖက်ခဲ့တယ်။ သူတို့လည်း မယုံနိုင်အောင် ဖြစ်နေခဲ့ကြတယ်။ ဒါက ကျွန်မတို့ရဲ့ ဘဝမှာ အကောင်းဆုံး အရာပဲ။ အရင်က ထီလက်မှတ်အများအပြား ကျွန်မတို့ ကံစမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တစ်စောင်တည်းပဲ ထိုးခဲ့ကြတာ" ဟု အလွန်ပျော်ရွှင်နေသူ Radha က Al Jazeera သတင်းဌာနကို ပြောခဲ့သည်။

သူမနှင့် လုပ်ဖော်ကိုင်ဖက် (၁၀) ဦးမှာ လက်ရှိ ၎င်းတို့၏ တစ်နေ့လုပ်အားခ ရူပီး (၄၀၀) ဖြင့် စားဝတ်နေရေး အဆင်ပြေ လုံလောက်ရန် ရုန်းကန်နေခဲ့ကြရသည်။ 

၎င်းတို့အနက်မှ အများအပြားမှာ အကြွေးများပိနေကြသည်ဟု ဆိုသည်။ 

ထီရောင်းသူက ဇွန်လအတွင်း ၎င်းတို့ကို ထီလက်မှတ် လာရောင်းခဲ့စဥ် တစ်ဦးချင်းစီ အနေဖြင့် ဝယ်ယူကံစမ်းရန် ငွေမရှိခဲ့ကြရာ အားလုံးပေါင်း၍ ထီလက်မှတ်တစ်စောင်ကိုသာ စပ်တူထိုးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ထီဆုကြီးပေါက်သူ အမျိုးသမီး (၁၁) ဦးက လူဦးရေ (၇၀,၀၀၀) ခန့်ရှိသည့် ကီရာလာပြည်နယ် Parappanangadi နယ်မြေတွင် နေထိုင်ပြီး သန့်ရှင်းရေးအလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ကြသည်။ 

ရူပီး သန်း (၁၀၀) ထီဆုကြီးပေါက်ခဲ့သော်လည်း ၎င်းတို့က သန့်ရှင်းရေးအလုပ်သမားများအဖြစ် ဆက်လက် လုပ်ကိုင်ကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဩဂုတ်လ (၉) ရက်နေ့ Al Jazeera သတင်းတွင် ဖော်ပြသည်။

 

Source: Al Jazeera