ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့အနီး အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့်နေရာကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရ

ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့အနီး အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့်နေရာကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရ
By Mr John

ရုရှားတပ်ဖွဲ့တွေက သီတင်းပတ်များကြာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ပြီး ထိန်းချုပ်ရန်ကြိုးစားခဲ့သည့် ယူကရိန်း၏ ဆိပ်ကမ်းမြို့ မာရီယူပိုးအနီးတွင် အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း အမေရိကန်အခြေစိုက် ဂြိုဟ်တုဓာတ်ပုံနည်းပညာကုမ္ပဏီက ပြောသည်။

အလောင်းများ မြှုပ်ထားသည်ကို ကောင်းကင်ဓါတ်ပုံတွင် တွေ့ရစဉ်

Maxa Technologies ၏ ဂြိုဟ်တုဓာတ်ပုံများအရ အလောင်း (၂၀၀) ပါဝင်သည့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာဖြစ်ပြီး မတ်လကုန်ပိုင်းတွင် မြေပုံများ တိုးလာသည်ဟု ဆိုသည်။



ရုရှားတပ်ဖွဲ့တွေက ၎င်းတို့ သတ်ဖြတ်ခဲ့သည့် အရပ်သားတွေကို စုပြုံမြှုပ်နှံနေကြောင်း ဒေသဆိုင်ရာ ယူကရိန်းအစိုးရ တာဝန်ရှိသူတွေက စွပ်စွဲထားသော်လည်း ရုရှားဘက်က ယခုသတင်းအပေါ် တုံ့ပြန်ပြောဆိုမှု မရှိသေးကြောင်း BBC သတင်းက ဖော်ပြထားသည်။

Maxa ဂြိုဟ်တုဓာတ်ပုံများအရ  အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာမှာ မာရီယူပိုးမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ Manhush ကျေးရွာအနီးတွင် ဖြစ်ပြီး Maxa ဂြိုဟ်တုဓာတ်ပုံများနှင့် ပတ်သက်၍ သီးခြား အတည်မပြုနိင်ကြောင်း BBC က ဖော်ပြသည်။



မာရီယူပိုးတွင် အရပ်သား သောင်းနှင့်ချီ အသတ်ခံခဲ့ရနိုင်ကြောင်း မြို့တော်ဝန် Vadym Boichenko က ပြောသည်။ ရုရှားတပ်ဖွဲ့တွေက မာရီယူပိုးကို ဗုံးကြဲမှုနှင့် စစ်သင်္ဘောမှ ဒုံးကျည်ဖြင့်ပစ်ခတ်မှုတို့ဖြင့် သီတင်းပတ်များကြာ တိုက်ခိုက်နေခဲ့ပြီး မြို့၏အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားသည်။

 မာရီယူပိုးမြို့ရှိ Azovstal စတီးလ်စက်ရုံကြီးအတွင်း ရာနှင့်ချီသည့် ယူကရိန်းတပ်ဖွဲ့ဝင်များ ရှိနေဆဲဖြစ်ပြီး စက်ရုံကြီး၏ မြေအောက်ခန်းနေရာများတွင် ယူကရိန်းတိုက်ခိုက်ရေးသမားများအပြင် အရပ်သားများလည်း ခိုလှုံနေကြသည်ဟု ဆိုသည်။

ရုရှားသမ္မတဗလာဒီမာပူတင်က စတီးလ်စက်ရုံကြီးကို ဝင်ရောက်စီးနင်းရန် အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီး ထိုအစား ယင်ကောင်တစ်ကောင်ပင် ဝင်ထွက်လို့မရနိုင်သည်အထိ ဝိုင်းပတ်ပိတ်ဆို့ထားရန် အမိန့်ပေးခဲ့သည်။

ထိုအတောအတွင်း ၎င်းတို့ ဆက်ရှိနေသည့် စတီးလ်စက်ရုံ၏ မြေပေါ်အဆောက်အအုံနေရာများ အကြီးအကျယ် ပျက်စီးသွားခဲ့ကြောင်းနှင့် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအောက်တွင် အရပ်သားများ ပိတ်မိနေသည်ဟု ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦးက BBC ကို ပြောခဲ့သည်။

ရုရှားတပ်ဖွဲ့တွေ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကို ခုခံကာကွယ်သူတွေက တွန်းလှန်ခဲ့ကြကြောင်း ယူကရိန်း၏ Azov တပ်ရင်းမှ ဗိုလ်ကြီး Svyatoslav Palamar က ဆိုသည်။



"Azovstal စက်ရုံဝင်းထဲက အဆောက်အအုံ အားလုံးက ပျက်စီးသွားခဲ့တယ်။ သူတို့က အကြီးအကျယ် ပျက်စီးမှုဖြစ်စေတဲ့ ကြီးမားတဲ့ဗုံးတွေ၊ ကတုတ်ကျင်းဖျက်ဗုံးတွေ ကြဲချခဲ့တယ်။ မြေအောက် ကတုတ်ကျင်းတွေထဲမှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရှိနေတယ်။ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက်မှာ အရပ်သားအချို့ ပိတ်မိနေကြတယ်" ဟု ဗိုလ်ကြီး Palamar ပြောသည်။



ရုရှားက ထိန်းချုပ်ထားပြီဟု သမ္မတပူတင်က ပြောဆိုထားသည့် မာရီယူပိုးမြို့တွင် လူ ၁၀၀,၀၀၀ ခန့် ရှိနေဆဲဖြစ်ပြီး ၎င်းတို့အားလုံးကို မြို့ကနေ ရွှေ့ပြောင်းခွင့်ပြုရန် မြို့တော်ဝန် Vadym Boichenko က ဧပြီ (၂၂) ရက်တွင် ယူကရိန်းနိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ပန်ကြားခဲ့ကြောင်းလည်း သိရသည်။



Source: BBC, Reuters