တအာင်းမြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် TNLAက ညမထွက်ရအမိန့်အပါအဝင် လိုက်နာရမည့် ကန့်သတ်ချက်အမိန့်များအား ရုပ်သိမ်းကြောင်း ထုတ်ပြန်

တအာင်းမြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် TNLAက ညမထွက်ရအမိန့်အပါအဝင် လိုက်နာရမည့် ကန့်သတ်ချက်အမိန့်များအား ရုပ်သိမ်းကြောင်း ထုတ်ပြန်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ မြို့(၇)မြို့ကို ညမထွက်ရအမိန့်အပါအဝင် စစ်ဆင်ရေးကာလအတွင်း လိုက်နာရမည့် ကန့်သတ်ချက်အမိန့်များအား ရုပ်သိမ်းလိုက်ကြောင်း TNLAက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်လိုက်သည့် မြို့များတွင် ည(၉)နာရီမှ နံနက်(၆)နာရီအထိ မထွက်ရအမိန့်၊ ည(၁၁)နာရီမှ နံနက်(၄)နာရီအထိ မထွက်ရအမိန့်များကို လိုအပ်သလို ထုတ်ပြန်ထားပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် စီမံအုပ်ချုပ်သည့် လုပ်ငန်းများ လည်ပတ်စေရန်အတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

TNLA ဦးဆောင်အုပ်ချုပ်သည့် မြို့ရွာဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှုတို့ဖြင့် အကောင်အထည်ဖော်နေသည်ဟု ထုတ်ပြန်သည်။

ထိုသို့လုပ်ဆောင်နေချိန်တွင် စစ်ကောင်စီသည် မတ်လ(၄)ရက်နေ့တွင် တအာင်းမြို့နယ်တချို့အား စစ်အုပ်ချုပ်ရေးကြေညာကာ ဒေသခံလူထုများအား ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကိုတွေ့ရသည်ဟု ဆိုသည်။

TNLA သည် မြောက်ပိုင်းညီနောင်မဟာမိတ်တို့နှင့်အတူ တရုတ်နိုင်ငံ၏ ရှေ့ဆောင်ဦးရွက်မှုဖြင့် စစ်ကောင်စီတပ်နှင့် ဟိုင်ဂင်သဘောတူညီချက်စာချုပ်ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် လက်မှတ်ရေးထိုးကာ တအာင်းဒေသအပါအဝင် မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွက် လုံခြုံရေးစီမံချက်များကို စနစ်တကျ ပြင်ဆင်ဖော်ဆောင်ထားပြီး ဒေသတွင်းစီမံအုပ်ချုပ်ရေး လုပ်ငန်းများ ထိုက်သင့်စွာ လည်ပတ်နေပြီဖြစ်သည့်အတွက် ထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းသည်ဟု ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News