မင်းလှမြို့နယ်အတွင်း (၄)ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရရှိ

မင်းလှမြို့နယ်အတွင်း (၄)ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၂၀၂၄ခုနှစ် မတ်လ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ထံမှ သိရသည်။ 

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ(၆)ကြိမ်ဖြစ်ပွားကာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အများအပြားသေကာ MA-3 တစ်လက်၊ ကျည်ဘောက် (၄)ခု၊ (၆၀)မမ တစ်လက်၊ (၆၀)မမ အသီးတစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ခြင်းကျား (၂)လုံး၊ ဆိုလာပြားတစ်ချပ်နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကာ ကာကွယ်ရေးတပ်ဘက်က ရဲဘော်(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက(၁၀၀၀)ကျွန်းစိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်းထိုးလာသည့် အင်အား(၁၂၀)ပါ စစ်ကောင်စီတပ်များအား သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)နှင့် ဒဂုံစစ်ကြောင်းတို့က မတ်လ(၇)ရက်နေ့ နံနက်ပိုင်းက စတင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင်လည်း မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယုလမ်းဆုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၅)နှင့် တပ်ခွဲ(၃)တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ(၈)ရက်နေ့ ညနေပိုင်းတွင် ဧက(၁၀၀၀)ကျွန်းစိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကောင်စီတပ်စစ်ကြောင်းက  လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကြောင်းထိုးလာသဖြင့် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)နှင့် ဒဂုံစစ်ကြောင်းတို့က တိုက်ခိုက်ခဲ့ကာ (၄)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး MA-3 တစ်လက်၊ ကျည်ဘောက်(၄)ခု၊ (၆၀)မမ တစ်လက်၊ (၆၀)မမ အသီးတစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ခြင်းကျား(၂)လုံး၊ ဆိုလာပြားတစ်ချပ်နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။ 

အထိနာသည့် စစ်ကောင်စီတပ်ထံ စစ်ကူလာသည့် စစ်ကောင်စီတပ်များအား ယင်းနေ့ညပိုင်းတွင် ဟိုင်းယုရွာ ဆေးခန်းအနီး၌ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ (၅)နှင့် ဒဂုံစစ်ကြောင်းတို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ (၂)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

မတ်လ(၉)ရက်နေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးတပ်များဘက်က တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရာ ခရစ်ယာန်ဘုရားကျောင်း မယ်တော်စင်အနီး၌ စစ်ကောင်စီတပ်နှင့် ထပ်မံ၍ (၃)နာရီကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ ကာကွယ်ရေးတပ်ဘက်က ရဲဘော်(၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

မတ်လ (၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ကျွန်းစိုက်ခင်းဘက်မှလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဗမာသင်္ချိုင်းကုန်းအနီး၌ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)နှင့် ဒဂုံစစ်ကြောင်းတို့မှ စောင့်ကြိုတိုက်ခိုက်ရာ (၁)နာရီကြာ တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု သိရသည်။

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနှင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန် အသိပေးထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)