ရှမ်းမြောက်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိလာဟု မဟာမိတ်တပ်များထုတ်ပြန်

ရှမ်းမြောက်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိလာဟု မဟာမိတ်တပ်များထုတ်ပြန်
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း အသက်မသေလိုဘဲ မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား (၁၀၀)ကျော်ရှိကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ယနေ့‌ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး (၅)ရက်မြောက်အတွင်း မဟာမိတ်တပ်များထံ ဆက်သွယ်၍ လက်နက်ချ အလင်း ဝင်လာသူများရှိသည့်အပြင် အသက်မသေလို၍ လက်နက်ချ အညံ့ခံသူများလည်းရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများက ၄င်းတို့၏ မိသားစု၊ ဆွေမျိုး၊ မောင်နှမနှင့် သူငယ်ချင်းများထံမှတစ်ဆင့် မဟာမိတ်တပ်များထံ ဆက်သွယ်၍ ၎င်းတို့လွတ်မြောက်ရန်အတွက် ကူညီဆောင်ရွက်ပေးမှုကြောင့် လွတ်မြောက်သွားသူများလည်းရှိကြောင်း သိရသည်။

ယမ‌န်နေ့ အောက်တိုဘာလ (၃၀)ရက်နေ့တွင် စစ်ကောင်စီ၏ အင်အား(၅၀)ရှိသော တပ်စခန်းအား မဟာမိတ်တပ်များက (၂)နာရီအတွင်း တိုက်ခိုက်သိမ်းယူနိုင်သော်လည်း ၎င်းစစ်ကောင်စီတပ်သားများမှာ အညံ့ခံခဲ့သောကြောင့် တစ်ယောက်မကျန် အသက်ချမ်းသာပေးခဲ့ပြီး ဘေးကင်းရာသို့ လုံခြုံစွာနေရာချထားပေးခဲ့သည်ဟု သိရသည်။

မဟာမိတ်တပ်များအနေဖြင့် စစ်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်သားများအနေဖြင့် မဟာမိတ်တပ်များနှင့် ရင်ဆိုင်ထားသော စခန်းများမှနေ၍ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင်၍ သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ရန် အသိပေးထားသည်။

အလင်းဝင်လာသူများအား အသက်အန္တရာယ်လုံခြုံရေးကို အာမခံပြီး လူ့ဂုဏ်သိက္ခာနှင့် စစ်သားဂုဏ်သိက္ခာများကို မထိခိုက်အောင် ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ မပြုလုပ်ဘဲ မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ကူညီပေးသွားမည့်အပြင် လမ်းခရီးစားရိတ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency