ကန့်ဘလူမြို့နယ်အတွင်း ခရီးသွားယာဉ်များ လုံခြုံရေးအတွက် ကားမှန်များချကာ ကားအတွင်းမီးများဖွင့်ပြီး မောင်းရန် ကန့်ဘလူ PDF က ထပ်မံ မေတ္တာရပ်ခံ

ကန့်ဘလူမြို့နယ်အတွင်း ခရီးသွားယာဉ်များ လုံခြုံရေးအတွက် ကားမှန်များချကာ ကားအတွင်းမီးများဖွင့်ပြီး မောင်းရန် ကန့်ဘလူ PDF က ထပ်မံ မေတ္တာရပ်ခံ
အောက်တိုဘာ 11, 2021 | အခြားဒေသများ

ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသွားယာဉ်များအနေဖြင့် မှန်တံခါးများအောက်သို့ ချကာသွားလာရန် နှင့် အတွင်းမီးများဖွင့်၍ မောင်းရန် အသိပေး မေတ္တာရပ်ခံထားပြီးဖြစ်၍ မလိုက်နာပါက လုံခြုံရေးတာဝန်ယူမည် မဟုတ်ကြောင်း ကန့်ဘလူ PDF က မေတ္တာရပ်ခံချက် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ထပ်မံ ထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်ကောင်းစီ၏ စစ်တပ်များ အပါအဝင် သတင်းပေးများ၊ ဒေါက်တိုက်များက လူမှုရေးအသင်းအဖွဲ့ပိုင် ကားများ၊ အိမ်စီးကားများ၊ ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးပိုင် ကားများဖြင့် သွားလာကာ သတင်းထောက်လှမ်းခြင်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်နေသည့်အတွက် ခရီးသွား ပြည်သူများ၏ ယာဉ်များဖြင့် မှားယွင်းမှု မရှိစေရန် ကားမှန်ချ၍ မောင်းနှင်ခြင်း၊ ညပိုင်းတွင် ကားရှေ့နောက် မီးများ နှင့် ကားအတွင်းမီးများဖွင့်ပြီး မောင်းနှင်ရန် မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို - မြစ်ကြီးနားလမ်း ပေကြီးကျေးရွာ၏ မြောက်ဘက်အလွန်မှစတင်ကာ ယခုလို ပန်ကြားချက်များကို မဖြစ်မနေ အလေးအနက်ထားပြီး လိုက်နာပေးရမည်ဖြစ်သည်။

ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း၊ ကောလင်း - ကျွန်းလှ - ကန့်ဘလူ - စပါယ်နံ့သာ လမ်းပိုင်း၊ ကန့်ဘလူ- ဇီးကုန်း-ခင်ဦး- ရွှေဘို မူးရိုးလမ်းပိုင်း တို့အတွင်း သွားလာမှုများပြုလုပ်ပါက လိုက်နာကြရန် ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နေ့ကလည်း အသိပေးထားသည်များ ရှိသည်။