ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပိတ်မိဒေသခံများကိုကယ်ထုတ်ရန် ကားငှားသော်လည်း မလိုက်တော့ဟုဆို

ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပိတ်မိဒေသခံများကိုကယ်ထုတ်ရန် ကားငှားသော်လည်း မလိုက်တော့ဟုဆို
ဇန်နဝါရီ 26, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများပိတ်မိနေပြီး တိမ်းရှောင်ရန် ကားပင်ငှားမရတော့သည့် အခြေအနေဖြစ်နေသည်ဟု ကူညီကယ်ဆယ်ပေးနေသူများထံမှ သိရ သည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲများပြင်းထန်နေသဖြင့် ယနေ့နံနက်ပိုင်းတွင် မြို့တွင်းအဝင်ကို ပိတ်လိုက်ပြီးနောက် ဆီဆိုင်မြို့တွင်း ညောင်ကိုင်း၊ နန်းဩဘက်တို့တွင် တိုက်ပွဲများ ပြင်းထန်နေကာ ဒေသခံများလည်း ပိတ်မိနေသည်ဟု ဆိုသည်။

“ဒေသခံတချို့က ဆီဆိုင်မြို့တွင်းမှာပိတ်မိနေတယ်။ တချို့က မွေတော်ကက္ကူဘုရားဘက်မှာ ပိတ်မိနေတယ်။ ကားက အဲဒီဖက်ဆို မွေတော်ကက္ကူတောင် မလိုက်ချင်ကြတော့ဘူး။ ငှားမရတော့ဘူး။ ဒီနေ့ကားတွေ ငှားမရတော့လို့ အိမ်စီးကားတွေနဲ့ပဲရအောင် ကယ်ထုတ်နေရတာ။ ကားငှားရင် ဈေးကိုပြောတဲ့အဆင့်မရောက်ဘူး။”ဟု ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိမ်းရှောင်နိုင်ခဲ့သည့် ဆီဆိုင်မြို့ဒေသခံတချို့မှာ တောင်ကြီးမြို့အနီးရှိ ရွာများတွင် ခိုလှုံနေကြရပြီး တချို့မှာ အမျိုးအိမ်၊ အသိအိမ်များတွင် နေထိုင်နေရသည်ဟု သိရသည်။

“မြို့မှာလည်း ဘာဖြစ်ဖြစ်မသွားတော့ဘူး နေမယ်ဆိုတဲ့လူတွေ၊ လူကြီးတွေကျန်ခဲ့တယ်။ အဲဒီအထဲက ဒီနေ့တချို့ရအောင်ထွက်လာကြတာကို လမ်းကနေစောင့်ကြိုတယ်။ သူတို့က ဆိုင်ကယ်ဆီရှိသလောက်၊ ရသလောက်ထွက်လာကြတယ်။ သူတို့ရောက်တဲ့နေရာကနေ ကြိုလာပေါ့။”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့တွင်း၊ နန်းဩ၊ ညောင်ကိုင်း၊ လွယ်ပွတ်၊ ထီးမန်းအရှေ့ဘက်၊ ထီးတမောင်းအနီးတဝိုက်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ဆိုက်ခေါင်ဒေသခံများကိုလည်း ရွာအတွင်းမှ ထွက်သွားခိုင်းနေပြီး လက်နက်ကြီး ပစ်ကူရန် ပြင်ဆင်နေသည်ဟုလည်း ဒေသခံများကဆိုသည်။ 

“ပူးပေါင်းအဖွဲ့တွေ အင်အားများလို့ မနိုင်မှန်းသိလို့ လေယာဥ်နဲ့ရမ်းကူပစ်နေတာပါ။ ရွာကပိတ်မိနေသူတွေ တောထဲမှာ အိပ်နေကြရတယ်။ တိုက်ပွဲပိုကြာမယ့် အနေအထားမှာရှိတယ်။ အခြေအနေဆက်ဆိုးနေပါတယ်။”ဟု ဒေသခံတစ်ဦးကလည်း Tachileik News Agency ကိုပြောသည်။

တိုက်ပွဲများကြောင့် ဆီဆိုင်မြို့အဝင်ကို ပိတ်လိုက်သဖြင့် ပိတ်မိနေသည့် ဒေသခံအဖိုး၊ အဖွားများကို ခေါ်ယူရန် အကူအညီတောင်းခံခြင်းများ ရှိနေသော်လည်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူများ မသွားရဲသည့်အခြေအနေ ဖြစ်နေသည်ဟုလည်း သိရသည်။

PNLO၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်တွင် ယမန်နေ့က စစ်ကောင်စီသည် ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နှင့် ကျေးရွာ(၄)ရွာကို ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်များဖြင့် အကြိမ်(၂၀)နီးပါး တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီသည် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးပေါင်း (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ပအိုဝ်းပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency