အုတ်ဖိုတွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီးများ ပစ်ခတ်ခံရ

အုတ်ဖိုတွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီးများ ပစ်ခတ်ခံရ
ဇန်နဝါရီ 8, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်နေသည့် ပျူစောထီးများကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် တိုက်ခိုက်ရာ ပျူစောထီးများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ် မြောင်ကျေးရွာတွင် စစ်ကောင်စီတပ်များ လုံခြုံရေးယူကာ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကျော်ကိုကို ဦးဆောင်လုပ်နေသည့် လောင်းကစားဝိုင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် (၁၀)မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အုပ်ကြီး ကျော်ကိုကို၊ ပျူစောထီး(၃)ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦးတို့ သေဆုံးကာ ကျန်ရှိပျူစောထီးများ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

တိုက်ခိုက်မှုမှ ပျူစောထီးများ၏ လက်လုပ်သေနတ်(၂)လက်၊ လက်ပစ်ဗုံး(၂)လုံး၊ လက်ကောက်နှင့် ဆွဲကြိုးထည့်ထားသော ကော်ဗူးတစ်ခု၊ ဖုန်း(၃)လုံး၊ ငွေကျပ်(၇၈,၀၀၀)၊ စစ်ယူနီဖောင်း(၈)ထည်၊ မှတ်ပုံတင်တစ်ခုနှင့် စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို