ပုသိမ်-မုံရွာလမ်းမပေါ်တွင် PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီယာဉ်တန်းနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်

ပုသိမ်-မုံရွာလမ်းမပေါ်တွင် PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီယာဉ်တန်းနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်

မကွေးတိုင်း မင်းဘူးခရိုင်၊ ပုသိမ်-မုံရွာလမ်းပိုင်းပေါ်တွင် PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီယာဉ်တန်းနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၏ ယနေ့ ၂၀၂၄ခုနှစ် မေလ (၆) ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

မေလ (၄)ရက်နေ့တွင် နေ့လယ်(၁)နာရီခန့်တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြပ္ပါယ်ကျေးရွာအနီး ပုသိမ်-မုံရွာ လမ်းပေါ်တွင် မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် ကပစ (၂၁)ဘက်မှ ဖောလ်ကား (၂) စီးနှင့် ဆိုင်ကယ်များပါဝင်သည့် စစ်ကောင်စီယာဉ်တန်းနှင့် အနီးကပ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

မိနစ် (၂၀)ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး လက်နက်အင်အား မမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကာ၊ စစ်ကောင်စီဘက်မှလည်း လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။

ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့သော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်ပြီး ဆက်လက်စုံစမ်းလျှက်ရှိကြောင်း အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း၏ ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency

Photo: မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း