မိုင်းငေါ့မြို့ကို TNLA သိမ်းပြီးနောက် ကျောက်မဲခရိုင်အတွင်း ၄ ခုမြောက်သိမ်းသည့် မြို့ဖြစ်လာ

မိုင်းငေါ့မြို့ကို TNLA သိမ်းပြီးနောက် ကျောက်မဲခရိုင်အတွင်း ၄ ခုမြောက်သိမ်းသည့် မြို့ဖြစ်လာ
ဇန်နဝါရီ 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်ရှိ မိုင်းငေါ့မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA ရဲဘော်များထံမှ သိရသည်။

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ (၃၀)ရက်နေ့က စတင်ပြီး TNLAက တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုလည်း ရရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် TNLAက သိမ်းယူထားသည့် မန်တုံ၊ နမ္မတူ၊ မိုင်းလုံမြို့တို့မှာလည်း ကျောက်မဲခရိုင်အောက်တွင်ရှိသည့် မြို့များဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားပြီး အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ပေးမည်ဟု TNLA ကဆိုသည်။

TNLAက မြို့ကိုသိမ်းလိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းတို့ကြောင့် မိုင်းငေါ့မြို့ရှိ မီးသတ်ရုံး၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် စျေးများ မီးလောင်ပျက်စီးခဲ့သည်။

TNLAသည် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံမြို့(၆)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency