နမ့်ခမ်းမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

နမ့်ခမ်းမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ
နိုဝင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း၌ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

နမ့်ခမ်းနှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ့်ခမ်းမြို့တွင်း၌ တိုက်ပွဲများ ပြင်းထန်နေကာ စစ်ကောင်စီတပ်က လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် နမ့်ခမ်းမြို့တွင်းကို (၄)ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် (၄)လက်၊ ၆၀ မမ ဗုံးသီး (၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး (၅၀)လုံး၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိသည်ဟု သိရသည်။

နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင်လည်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။ 

#TachileikNewsAgency