စစ်အာဏာရှင်အားတော်လှန်နေသည်မှာ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်သည့်အသွင်နှင့်တူညီနေဟု ညီနောင်(၃)ဖွဲ့ပြော

စစ်အာဏာရှင်အားတော်လှန်နေသည်မှာ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်သည့်အသွင်နှင့်တူညီနေဟု ညီနောင်(၃)ဖွဲ့ပြော

တစ်နိုင်ငံလုံးစစ်ဆင်ရေးပုံစံအသွင်မျိုးဖြင့် ဖက်ဆစ်စစ်အာဏာရှင်အား တော်လှန်တိုက်ထုတ်နေကြသည်မှာ ၁၉၄၅ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွင်းမှ ဖက်ဆစ်ဂျပန်တို့အား မောင်းထုတ်သည့်နှယ် အသွင်သဏ္ဍာန်တူကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်တွင် စစ်ကောင်စီကို တော်လှန်နေကြသည့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းတို့သည်လည်း ၎င်းတို့ လှုပ်ရှားရာနယ်မြေများ၌ စစ်ကောင်စီအား ရသည့်နည်းလမ်းဖြင့် တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အချိန်တွင် စစ်အာဏာရှင်အား ဖက်ဆစ်ဂျပန်အား မောင်းထုတ်သည့်နှယ် အသွင်တူနေကြောင်း ပြောဆိုသည်။ 

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ နယ်မြေများတွင် စစ်ကောင်စီတပ်၏ မရှုမလှ ရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်နေသည့် ဖြစ်ရပ်၊ မြင်ကွင်းများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး တစ်ပြိုင်နက်တည်းတွင် ဘုံရန်သူစစ်ကောင်စီအား တော်လှန်တိုက်ခိုက်သည့်အဖွဲအစည်းများမှာ တစ်ရက်ထက်တစ်ရက် များပြားလာနေခြင်းက မြန်မာပြည်သူလူထုတရပ်လုံး လိုလားသော ဆန္ဒပြည့်ဝရန် နီးစပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဤတစ်ကြိမ်၊ ဤအခွင့်အရေးကို အမိအရရယူပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဆန္ဒကို ပြည့်ဝစေရန် လာမည့်နှစ်သစ်တွင် ယခုထက် အားစိုက်ကြိုးပမ်းကြရန်လည်း ညီနောင်(၃)ဖွဲ့က တိုက်တွန်းထားသည်။ 

ညီနောင်(၃)ဖွဲ့၏ နှစ်လတာစစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ စစ်စခန်း၊ မြို့ကြီးများကို သိမ်းပိုက်ရယူနိုင်ခဲ့ကာ သတ်မှတ်ထားသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် အဆိုပါသတ်မှတ်ထားသော စစ်ဆင်ရေးနယ်မြေများနှင့် ဆက်စပ်မြို့ကြီးတချို့ကိုလည်း ညီနောင်မဟာမိတ်များက ထိန်းချုပ်ထားပြီး အဆိုပါမြို့ကြီးများ၏ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency