မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို ယွမ်အသုံးပြု၍ ကုန်သွယ်ရန် စစ်ကောင်စီထုတ်ပြန်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို ယွမ်အသုံးပြု၍ ကုန်သွယ်ရန် စစ်ကောင်စီထုတ်ပြန်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လုပ်ငန်းများအား တရုတ်ယွမ်အသုံးပြုကာ ဘဏ်စနစ်ဖြင့် ငွေပေးချေရမည်ဟု ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ(၂၃)ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ၂၀၂၃ခုနှစ် ဇွန်လ(၂၁)နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရန် ကြပ်တည်းလာသဖြင့် တရုတ်ယွမ်ငွေအား အသုံးပြု၍ ကုန်သွယ်စေလိုခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းတစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်ရှိ ဘဏ်(၄)ခုအနက် နိုင်ငံခြားငွေ အဓိက စီးဆင်းသည့် ဘဏ်(၂)ခုကို အမေရိကန်က ပိတ်ဆို့လိုက်သဖြင့် စစ်ကောင်စီသည် နိုင်ငံခြားငွေ ပြတ်လပ်လာကာ ယခုကဲ့သို့ တရုတ်ငွေကြေးဘက်သို့ ဦးတည်လာခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

စစ်ကောင်စီသည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် ဘဏ် စနစ်ဖြင့် ဆောင်ရွက်ခြင်းကို လာမည့် ဩဂုတ်လ(၁)ရက်နေ့က စတင်ကာ ကျင့်သုံးမည်ဟု သိရသည်။

သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ဝင်ငွေ၊ အခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှ ဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန်(ယွမ်ငွေ)ကိုသာ အသုံးပြု တင်သွင်းရမည်ဟုလည်း ထုတ်ပြန်ထားသည်။

သွင်းကုန်တင်သွင်းသူများအနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို လုပ်ရမည်ဟုဆိုသည်။

#TachileikNewsAgency

Photo : ISP China Desk