မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမပေါ်တွင် ခမရ(၄၀၆)၏ တပ်ပြောင်း စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိ

မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမပေါ်တွင် ခမရ(၄၀၆)၏ တပ်ပြောင်း စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိ

 KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မော်လမြိုင် - ရေး - ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမတစ်လျှောက် နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးဆောင်ရွက်နေစဉ် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သည့် ခမရ(၄၀၆)တပ်၏ တပ်ပြောင်း ပစ္စည်းများကို တင်ဆောင်လာသည့် ယာဉ်တစ်စီးအား ဖမ်းဆီးရမိကြောင်း တောင်ပိုင်းတိုင်း အမှတ်(၃) စစ်ဒေသခွဲ၏ ဒုစစ်ဒေသခွဲမှူးရုံးက ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့၏ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က  ရေးမြို့နယ်အတွင်းရှိ ကနင်ကမော့နှင့်အောင်သာယာကြား ပရယ်သားနေရာတွင်  ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား လုံခြုံရေးအတွက် စစ်ဆေးမှုများ ပြုလုပ်ရာက စစ်သုံးပစ္စည်းများ တင်ဆောင်လာသည့် လိုက်ထရပ်ကားတစ်စီးကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် လိုက်ထရပ်ယာဉ်ပေါ်ကာ သိမ်းဆည်းရရှိလိုက်သည့် ပစ္စည်းများမှာ   စစ်ယူနီဖောင်း၊ စစ်ဝတ်တန်ဆာပလာ၊ ဆိုင်ကယ်နှစ်စီး၊ အိုးခွက်ပန်းကန်၊ အဝတ်အစား၊ ရေခဲသေတ္တာနှင့် စာရွက်စာတမ်းအချို့ ပါဝင်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့်ပစ္စည်းများကို သိမ်းဆည်းခဲ့ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

   

" မော်လမြိုင် - ရေး- ထားဝယ် အမှတ် (၈)ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်မှာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးရယူစစ်ဆေးခြင်းကို နေ့စဉ် ဆောင်ရွက်လျက်ရှိနေတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ပစ္စည်းအသုံးအဆောင်တွေကိုပင် ခရီးသည်တင်ယာဉ်တွေ၊ အရပ်ဖက်သုံးမော်တော်ယာဉ်တွေနဲ့သာ ရွှေ့ပြောင်းနေရပါတယ်။"ဟု ဒုစစ်ဒေသခွဲမှူးရုံး က ဆိုသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ် နှင့် မြိတ်လမ်းကို အသုံးပြုပြီး သွားလာနေသည့်  ခရီးသွားပြည်သူများအနေဖြင့်  စစ်ကောင်စီနှင့်ပတ်သက်သည့် လူ နှင့် ပစ္စည်းများကို တင်ဆောင်သွားလာခြင်း မပြုလုပ်ရန် နှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်၏ ယာဉ်များနှင့် လိုက်ပါစီးနှင်းခြင်း မပြုလုပ်ရန်လည်း တောင်ပိုင်းတိုင်း အမှတ်(၃) စစ်ဒေသခွဲ၏ ဒုစစ်ဒေသခွဲမှူးရုံးက  အသိပေးမေတ္တာရပ်ခံထားရှိသည်။

 

Photo: ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C