နမ့်ဆန်နှင့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲ အရပ်သား ၆ ဦးသေဆုံး၊ မန်တုံမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွား

နမ့်ဆန်နှင့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲ အရပ်သား ၆ ဦးသေဆုံး၊ မန်တုံမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွား
ဒီဇင်ဘာ 18, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၆)ဦး ထိမှန်သေဆုံးပြီး မန်တုံမြို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိသည်။

စစ်ကောင်စီတပ်က ကြဲချသည့်ဗုံးသည် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံအရှေ့လမ်းမကြီးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မန်လုံးရွာဒေသခံတစ်ဦးနှင့် ဇယ်ဘန်ကောက်ရွာ ဒေသခံ(၃)ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ယ‌နေ့တွင် မန်တုံမြို့ရှိ စစ်ကောင်စီတပ် ခလရ(၁၃၀)တပ်စခန်းမှ မန်တုံမြို့နယ် လွယ်ကန်ကျေးရွာ၊ ဆွယ်ဟိန်းကုမ္ပဏီလက်ဖက်စက်ရုံကုန်း၊ ဒုက္ခသည်စခန်းနှင့် ပန်နင်ကျေးရွာလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၃၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ကျောက်မဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ ဟူးကွက်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၅)ကြိမ်၊ လေယာဥ်ဖြင့်(၂)ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဟူးကွက်ကျေးရွာဒေသခံ (၂)ဦး သေဆုံးပြီး လူနေအိမ်အလုံး(၂၀)ထိမှန် ပျက်စီးခဲ့ရကြောင်း သိရသည်။

ကွတ်ခိုင်မြို့မှ စစ်ကောင်စီတပ်၏ နမ့်ဖတ်ကာတပ်စခန်းမှလည်း တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် မန်တုံမြို့ရှိ စစ်ကောင်စီ ခလရ(၁၃၀)တပ်စခန်းမှ နမ့်ဆန်မြို့နယ်သို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး

မန်တုံမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၇)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်း၌ ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News