ဖောင်းပြင်မြို့နယ်တိုက်ပွဲတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များ  အထိနာကာ လေကြောင်းပစ်ကူဖြင့် ဆုတ်ခွာသွား

ဖောင်းပြင်မြို့နယ်တိုက်ပွဲတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များ  အထိနာကာ လေကြောင်းပစ်ကူဖြင့် ဆုတ်ခွာသွား

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ကာ လေကြောင်းပစ်ကူယူ၍ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂)ရက်နေ့ကစတင်ကာ စစ်ကောင်စီတပ်မှ ခလရ( ၂၇၂) ၊ ခလရ( ၂၂၂)၊ ခမရ (၃၇၀)နှင့် SNAမှ တပ်မဟာ(၈၉၁)၊  တပ်မဟာ(၇၅၃) ပူးပေါင်းစစ်ကြောင်း အင်အား(၂၀၀) ဝန်းကျင်သည် စန္ဒားအုပ်စု၊ စက်တောကျေးရွာအား စစ်ကြောင်းထိုးလာရာက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်များကို ဖောင်းပြင်-ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းနှင့် ဖောင်းပြင် (ပ.က.ဖ)တပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ပြီး ဇွန်လ (၃)ရက်နေ့၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က Mi-17 နှင့် Mi-35 ယာဉ်နှစ်စင်းဖြင့် လေကြောင်းမှ ပစ်ခတ်၊ ဗုံးကြဲခဲ့ကြောင်း Homalin People Defence Forceက ယနေ့ဇွန်လ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇွန်လ(၄)ရက်နေ့၊ နေ့လည်ပိုင်းတွင် အထိနာသည့်စစ်ကောင်စီတပ်များသည် ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းကျေးရွာ(စက်တော တစ်ဖက်ကမ်း)သို့ ဆုတ်ခွာသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ မေလ(၁၇)ရက်နေ့ကလည်း ဟုမ္မလင်းမြို့ နယ်၊ နတ်နန်းအုပ်စု၊ တုံစီကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များ (၂)ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က အထိနာသဖြင့် လေကြောင်းပစ်ကူခေါ်၍ ဆုတ်ခွာသွားရသည်ဟု ဆိုသည်။



#TachileikNewsAgency