နေပြည်တော်တွင် UWSP၊ SSPP၊ NDAA တို့ ပါဝင်သည့် အဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံ ဆွေးနွေးနေ

နေပြည်တော်တွင် UWSP၊ SSPP၊ NDAA တို့ ပါဝင်သည့် အဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံ ဆွေးနွေးနေ
ဇူလိုင် 21, 2023 | 2021 Military Coup| နိုင်ငံရေး

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင်'၀' ပြည်သွေးစည်းညီ ညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မိုင်းလားနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ပါဝင်သည့် အဖွဲ့တို့  စစ်ကောင်စီအဖွဲ့နှင့်  ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့မှ စတင်ကာ ယနေ့(၂၁)ရက်နေ့အထိ တွေ့ဆုံနေကြောင်း သိရသည်။

ဆွေးနွေးမှုအသေးစိတ်ကို ဆွေးနွေးပွဲတက်နေသည့် '၀' ပြည်သွေး စည်းညီညွတ်ရေးပါတီဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အဓိကအားဖြင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်သာ ဆွေးနွေးခဲ့သည်ဟု 'ဝ'ပြည်နယ်ပြင်ပဆက်ဆံရေးရုံး (လားရှိုးမြို့) တာဝန်ခံ ဦးညီရန်းက Tachileik News Agency ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လအတွင်းက စစ်ကောင်စီနှင့် ထိုင်းစစ်တပ်တို့ တွေ့ဆုံခဲ့မှုအတွင်း ထိုင်းစစ်တပ်ဘက်က စစ်ကောင်စီကို တောင်းဆိုထားသည့် မြန်မာ- ထိုင်းနယ်စပ် ချင်းရိုင်းခရိုင် ဝိန်းဟဲန်မြို့နယ်အတွင်းရှိ UWSA ၏ တပ်စခန်းများ ပြောင်းရွေ့ပေးရန်ကိစ္စကိုလည်း စစ်ကောင်စီနှင့် ယခုတွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ခြင်း မရှိဟု ဦးညီရန်းက ပြောသည်။

စစ်ကောင်စီဘက်က ယခုတွေ့ဆုံမှုသည် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနှင့် ယခင်က မပြီးပြတ်သေးသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဇူလိုင်လ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထား သည်။

ဆွေးနွေးပွဲကို UWSP ဘက်မှ ဒုဥက္ကဌ ဦးလော့ယာကု၊ SSPP ဘက်မှ ဒုဥက္ကဌ(၃) စဝ်ဆေပိုင်ဖနှင့် NDAA ဘက်မှ ဒုဥက္ကဌ ဦးစန်ပေ့တို့အပြင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။  

SSPP သည် ပြီးခဲ့သည့် ဇူလိုင်လ(၁၆)ရက်နေ့က ၂၀၂၃ခုနှစ် ဗဟိုကော်မတီမျက်နှာစုံညီ (၆)လပတ် အစည်းအဝေးအပြီးထုတ်ပြန်ချက်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်းသွားမည်ဟု ဖော်ပြခဲ့သေးသည်။

 '၀'ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)မိုင်းလားနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့  ၂၀၂၂ ခုနှစ် စက်တင်ဘာလက တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

ယင်းကာလက UWSPက နိုင်ငံတော်မှ ခွဲမထွက်ရေး မူဝါဒကို လက်ကိုင်ထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေကြောင်းနှင့် 'ဝ' ပြည်နယ်ရရှိရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NDAA မိုင်းလားအဖွဲ့ဘက်က ငြိမ်းချမ်းရေး တည်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ပြီး SSPP က ပင်လုံစာ ချုပ်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးနှင့် အခွင့်အရေးတန်းတူရရှိရေးကို ဆွေးနွေးခဲ့ကြ‌သည်။