ဘီးလင်းမြို့နယ် စစ်ကောင်စီတပ်နှင့် KNDOတို့ ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး သေပြီး ခဲယမ်းတချို့ရရှိ

ဘီးလင်းမြို့နယ် စစ်ကောင်စီတပ်နှင့် KNDOတို့ ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး သေပြီး ခဲယမ်းတချို့ရရှိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့က စစ်ကောင်စီတပ်နှင့် KNDOတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး သေကာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် ဘီးလင်းမြို့နယ် မဲပလီ(မဲ့ပရေ့ခီး)ရှေ့တန်းအခြေပြု ဗျူဟာစခန်းမှ အင်အား (၆၀)ကျော်ပါရှိသည့် စစ်ကောင်စီတပ် ခမ၇(၄၀၅)စစ်ကြောင်းနှင့် တပ်မဟာ(၁) ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)တပ်ရင်း (၂)တို့ အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် (၅)မိနစ်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ဆုတ်ခွာထွက်ပြေးသွားသဖြင့် KNDOတပ်ရင်း (၂)မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး အလောင်းနှင့်အတူ ကျည်နှင့်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး အလောင်းအား ကောင်းမွန်စွာ မြေမြုပ် သင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။

ဇူလိုင်လ (၂၃)ရက်နေ့တွင်ပင် ကရင်ပြည်နယ် မြဝတီမြို့ဘက်သို့ စစ်ကူတက်လာသော စစ်ကာင်စီယာဥ်တန်းမှ Fawကား(၁၂)စီးအား ဘီးလင်းမြို့နယ်အတွင်း၌ KNLA၊ ဘီးလင်း(ပကဖ)၊ TPDFနှင့် PDF ပူးပေါင်းဖွဲ့များက မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ကား(၃)စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့သည်ဟု ဘီးလင်းမြို့နယ် ပကဖက သတင်းထုတ်ပြန်ခဲ့သေးသည်။

#TachileikNewsAgency