မုံရွာ မနခ၏ ကာကင်းစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ၁၁ မိနစ်အတွင်း သိမ်းပိုက်

မုံရွာ မနခ၏ ကာကင်းစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ၁၁ မိနစ်အတွင်း သိမ်းပိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆီဆိုင်ကုန်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Local Mobile Teamထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မြောက်ဘက်ရှိ အင်အား (၂၀)ခန့်ဖြင့် တပ်စွဲထားသော နမခ ကာကင်းစခန်းဖြစ်သော ဆီဆိုင်ကုန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် RPGဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနေထိုင်ရာ တိုက်ခန်းတန်းလျားအား ပစ်ခတ်ပြီးနောက် လက်နက်ချအညံ့ခံရန် သတိပေးသော်လည်း မလိုက်နာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး MA 11တစ်လက်၊ ကျည်ဘောက်များနှင့် အီကွေ့မင့်များရရှိခဲ့ပြီး တိုက်ခန်းတန်းလျားအား ဝင်‌ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲကြာချိန်(၁၁)မိနစ်အတွင်း စခန်းအား ရှင်းလင်းနိုင်ခဲ့ပြီး MA 11  (၁)လက်၊ ၅.၅၆ ကျည်ဘောက် (၆)ခု၊ ကျည် (၅၆၅)တောင့်၊ ၄၀ မမ ဗုံးသီး (၁၅)လုံး၊ ဖုန်း (၇)လုံး၊ ကျည်ကာဦးထုပ် (၂)လုံး၊ ကျည်ကာအင်္ကျီ (၂)ထည်၊ Equipment (၂)စုံ၊ ယူနီဖောင်း (၄)စုံ၊ ကျောပိုးအိတ် (၆)လုံးနှင့် ဆေးပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအား Depeyin Local Mobile Teamစစ်ဆင်ရေးတာဝန်ခံ ကောင်းကင်ကြီးမှ အသေးစိတ်စီစဉ်ပြီး တပ်ခွဲမှူး မိုးကောင်း ဦးစီးအင်အား (၃၀)ခန့်နှင့်အတူ ဒေသခံမဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် အားမာန်သစ်အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency